Gekkou:Volume 1 ကော်ဖီဆိုင်

From Baka-Tsuki
Jump to navigation Jump to search

[ကော်ဖီဆိုင်][edit]

အပင်များ စိမ်းလန်းစေသည့် နေရောင်ခြည်ကဲ့သို့ လန်ဆန်းသည့် အပြုံး ၊ နွေလေညှင်းကဲ့သို့ နူးညံ့လှသည့် အသံဖြင့် Tsukimori တစ်ယောက် ၊ ကျွန်တော် ခုံကို ရုတ်တရက် ရောက်လာပြီး


“ဒါဆို သွားမယ်လေ Nonomiya-kun?”


ဆူညံလှသည့် စာသင်ခန်းတွင် အချိန်များ ရပ်တန့်သွားသလို ရုတ်တရက် အသံတိတ်သွားကြသည်။ ကျွန်တော်ကတော့ ကိုယ်အတွေး နဲ့ကိုယ် ဘာမှကို သတိမထားမိ။ ကျန်တဲ့လူအများ က လုပ်နေကြ အလုပ်များရပ်တန့်သွားပြီး ကျွန်တော်တို့ နှစ်ယောက်ကို ကြည့်ကြ သည်။ ရပ်တန့်သွားသော အချိန်ကို လှုပ်ရှားစေသူက Usami ။


“…အမ်? Youko-san? Nonomiya နဲ့ အဆင်ပြေနေတာပါလား ? ဘယ်လိုဖြစ်တာလဲ? အဲ?”


သူမ စိတ်ရှုပ်ထွေးနေပုံက နာရီစင်မှ တစ်နာရီ ပြည့်တိုင်း တခါမြည်သည့် ငှက်ရုပ်လေးလို။


“Nonomiya-kun အလုပ်ဝင်တဲ့ ကော်ဖီဆိုင် သွားမလို့ ၊ သိတဲ့အတိုင်း အခုနောက်ပိုင်း အလုပ်ရှုပ်နေတာ့ နည်းနည်း ပင်ပန်း နေလို့ စိတ်ပြေ လက်ပျောက် ကော်ဖီသောက်ဖို့ မေးကြည့်တာ”


ကျွန်တော်တို့ ပြောနေသည့် စကားများကို လူအများ သတိထား စောင့်ကြည့် နေမှန်း Tsukomori တစ်ယောက် သတိထားမိသည်။


“ဟုတ်လား Nonomiya”

ထင်တဲ့အတိုင်း ဒုတိယ ပစ်မှတ်က ကျွန်တော်။

“အင်း”

ဒါကြောင့် မကျေနပ်သော်လည်း ထုတ်မပြောဖြစ်။

“ကြည့်ရတာ ငါလည်း လိုက်ခဲ့….”


သူမ တီးတိုးစကားကြားမိပြီးနောက်မှာတော့ ကျွန်တော် ဖျားချင်ချင်ဖြစ်သွားသည်။ Tsukimori တစ်ယောက်တင် အတော် ဒုက္ခရောက် လှပြီ။


—နှစ်ယောက်လုံးသာ ဆိုလျှင် ကျွန်တော်ထိန်းနိုင်မည်မဟုတ်

“နင် ကလပ် သွားရဦးမယ် မဟုတ်လား ?”


Usami သည် ဘော်လီဘော ကလပ်မှ ဖြစ်သည်။ အကောင်သေးသော်လည်း အရွယ်နှင့်မလိုက်အောင် လက်မောင်းအားသန်လှပြီး သူမရိုက်ချက်များမှာ ယောက်ျားလေးများပင် အံအားသင့်ရသည်။ အာကစားချိန်တွင် သူမဖြင့် တဖွဲ့တည်းကျသဖြင့် သက်သာရာ ရခဲ့သည့် အဖြစ်ကို ယခုထိ မမေ့သေး။


“ငါ-ငါမသွားတော့ဘူး”

“မလုပ်နဲ့လေ နင်ပဲပြောတယ် နင် ပုံမှန်ကစားသမား ဖြစ်တော့မှာဆို ၊ ဒီလိုအရေးကြီးတဲ့ အချိန်မှာ ပျက်လို့ ဖြစ်ပါ့မလား?”

Usami မျက်မှောင်ကြုံ့ ၊ နှုတ်ခမ်းစူထားပြီး အလိုမကျသည့်ဟန်။

“နောက်တစ်ခေါက် သွားတာပေါ့ ၊ ဒီနေ့သွားရင် နေရာမှတ်ထားလိုက်မယ်လေ မကောင်းဘူးလား Chizuru”

Tsukimori ၏ အစ်မတစ်ယောက်လို ချော့ချော့မော့မော့ ပြော၍ Usami သဘောတူကြောင်း ခေါင်းညိတ်ပြသည်။

“အင်း”

တစ်ရန် အေးလေပြီ။ နောက်ထပ် တစ်ရန်ကို ရှင်းရမည်။

“တစ်ယောက်တည်း လိုက်မှာလား တော်ကြာ ကျန်တဲ့သူတွေပါရင် ဆိုင်ကို အားနာလို့ပါ”

ဟု ရာဇသံပေးလိုက်သည်။ ဒီအခြေအနေကို လက်ခံမှသာ သူမကို လာခွင့်ပေးမည်သဘော။

“မပူပါနဲ့ ကျွန်မသူငယ်ချင်းတွေက အေးပါတယ် ဘာမှမဖြစ်ပါဘူး” အသေအချာပင် မိန်းမဆန်ဆန်ပြုံးလိုက်ပြီး “အားလုံး နောက်မှတွေ့မယ် နော်”


သူမ မဟာဆန်စွာဖြင့် အတန်းဖော်များကို ဝေ့ယမ်းနှုတ်ဆက်။ သူတို့ မဟာအခွင့်အရေး ဆုံးရှုံးရှာလေပြီ။ ယောက်ျားလေးများ အထူး သဖြင့် Kamogawa နှင့် Tsukimori ၏ မိန်းကလေးပရိသတ်များ မှာကျေနပ်ပုံ မရ။ သို့သော် မည်သူမှ Tsukimori Youkou ကို မလွန်ဆန် ရဲ။ ခက်သည်က ယခုတွင်မှု သူမ တောင်းဆိုချက်ကို ငြင်းဆန်၍ မရတော့။ သူမနဲ့အတူ စိတ်ပျက်လက်ပျက် လိုက်ရုံမှ တပါး အခြားမရှိ။ Tsukimori တစ်ယောက် ကျောင်းပေါက်ဝ သို့ ပေါ့ပါးသွက်လက်စွာ လျှောက်လှမ်းလာ၏။


ချိုသာ လွန်းသည့် သူမကို “နင် ဘာတွေကြံနေတာလဲ” ဟု သံသယဖြစ်ဟန်ဖြင့်မေးသည်။

Tsukimori ကျွန်တော်ဖက်သို့ ချာကနဲ လှည့်လိုက်သည်။ ရှည်လျားလှသော သူမ၏ ဆံပင်များက လေထဲတွင် တလူလူ။

ထိုနောက် စိတ်ရှည်လက်ရှည်ပင် “ရှင်အလုပ်လုပ်နေတဲ့ ကော်ဖီဆိုင် နဲ့ပတ်သတ်ပြီးသိချင်လို့”

“နေပါဦး! ငါ လူတွေ အာရုံစိုက်ရင် မကြိုက်တာ နင်သိတယ် မဟုတ်လား”

“ကျွန်မ သူငယ်ချင်းတွေကို ဒါကြောင့် မခေါ်တာလေ မဟုတ်ဘူးလား?”

“ဒါပေမယ့် အခုရော ဘာထူးလို့လဲ”

“အင်း ကံဆိုးတာပေါ့နော်”

“ဒါ ဘယ်သူကြောင့် မို့လို့လဲ” သူမ ၏ လျစ်လျူရှုသော အပြုအမှုကို သည်းမခံနိုင်တော့ချေ။

“ဒါနဲ့နေပါဦး ဘယ်သူက ငါ ကော်ဖီဆိုင်မှာ လုပ်တယ်လို့ ပြောလဲ”

“ကောလဟလတွေ ထွက်နေတာကိုး”

“မလိမ်နဲ့နော်”

ကျွန်တော် တနေနေရာမှာ အချိန်ပိုင်း လုပ်နေတာ သိကြပေမယ့် မည်သူကိုမှ ကော်ဖီဆိုင်မှာ အလုပ်လုပ်နေမှန်း မပြောခဲ့မိ။

“နင်ဘာတွေ ကြံနေတာလဲ?”

“ဘာလို့လဲ Nonomiya-kun? ကျွန်မ နှလုံးသား ထဲကလူကို သိချင်တာ ထူးဆန်းလို့လား ? ဒါက ဖြူစင်တဲ့ မိန်းကလေးရဲ့ နှလုံးသားလေ”

“နင်က ဖြူစင်တဲ့ မိန်းကလေး ဟုတ်လား ရယ်ရတယ် ငါပြောပါရစေပါဦး နင်က ဘယ်နားကမှ ဖြူစင်ရိုးသားတဲ့ပုံ မပေါ်ဘူး”

ခပ်ရွဲ့ရွဲ့ပြောလိုက်သည်။

“ရှင်သိရဲ့လား အမြဲတမ်း ရင့်ကျက်နေရတာ တခါတလေ ပင်ပန်းတယ် ၊ ကျွန်မလည်း ၁၇နှစ်အရွယ် မိန်းကလေး တစ်ယောက်ပဲ ၊ ပြီးတော့ အဖေဆုံးသွားတာလည်း မကြာသေးဘူး။ ဒီတော့ ရှင် ကျွန်မကို ကြင်ကြင်နာနာ ဆက်ဆံသင့်တယ်။”

နှုတ်ခမ်းစူ၍ကာ ပြောသည်။

သူမကို ယခုလို အမူအရာကို အတော်ပင် အံ့ဩမိသည်။ တခါတရံ သူမသည်ပင် ကလေးဆန်ချင်ပေမပေါ့။ သို့သော် အတွေးစက ထိုမျှသာ။ ဟုတ်ပါသည် ၊ စိတ်ထဲ အားတုံ့အားနာ ဖြစ်မိသော်လည်း တကယ်တမ်း ကျွန်တော်နှင့်သူမ လားလားမှ မသက်ဆိုင်။

“မနက်ဖြန်တွေ့တာပေါ့”

သူမနဲ့ ဝေးအောင် ခပ်သွက်သွက် လျှောက်လိုက်မိသည်။

“ဘယ်သွားမလို့လဲ ကျောင်းနောက်ပေါက်က ဒီမှာလေ”

“ငါကနင်လို ရထားနဲ့သွားတာ မဟုတ်ဘူး စက်ဘီးနဲ့ ၊ မှီရင်လိုက်ခဲ့ပေါ့”


တမင်တကာကို အေးတိအေးစက် တုံ့ပြန်လိုက်သည်။ အခြားသူများနှင့် အလိုက်အထိုက် နေရသည်ထက် စိတ်ကျဉ်းကျပ်မိခြင်း မရှိ။ ထို့အပြင် မိမိနယ်မြေကို ခွင့်ပြုချက်မရပဲ ကျူးကျော်မည် ကို သတိမထားမိခဲ့သည်ကိုက ကျွန်တော့်အမှား။


“အင်းသွားလေ အရမ်းတော့ မညောင်းဘူးထင်တယ် ၊ ဒါပေမယ့် ဟိုးအရင်ကတည်းက ကျွန်မ ဒီလိုမျိုး စမ်းကြည့်ချင်တာ”


သို့ပင်သော်ညား Tsukimori ကတော့ ထင်သည်ထက်ပင် ခေါင်းမာသည် ၊ မတွန့်မဆုတ်။ သတိမထားမိခင်မှာပင် လမ်းလျှောက် နေသော သူမက ဘေးမှာ။


“…. နင်ဘာတွေ တွေးနေတာလဲ”

“တခါလောက်တော့ စက်ဘီးပေါ် ခါးဖက်ပြီး လိုက်မလားလို့ ”

“ဘယ်တုံးက ပေးလိုက်မယ် ပြောလို့လဲ”

“မပူပါနဲ့ ငါက သိပ်မလေးပါဘူး။”

“ဒါနဲ့မဆိုင်ဘူးလေ”

အတော်လေး စိတ်တိုမိသည်။ သူမ ကိုယ်တိုင်ကိုက ပြောလာမှတော့ ကျွန်တော် ကလည်း ပြန်ပြောမှ ဖြစ်မည်။

“နင်အဖေဆုံးသွားတာ မကြာသေးလို့ ငါ ကြင်ကြင်နာနာဆက်ဆံသင့်တယ် ဆိုတာတော့ဟုတ်ပါတယ်။ ဒါပေမယ့် ငါကတော့ တခြား လူတွေလို ပြောသမျှလိုက်လုပ်ပေးမှာ မဟုတ်ဘူး အခု နင့်သဘောကို သိလို့ စာနာပေမယ့် အလိုလိုက်မှာမဟုတ်ဘူး

စကားကို ပိတ်ပြောလိုက်သည်။

“ဟမ်! ဒါမှ ကျွန်မရဲ့ Nonomiya-kun လေ” ဟု Tsukimori ခေါင်းညိတ်ကာ သဘောကျနှစ်သက်သည့် မျက်နာပေးနှင့် “ကျွန်မက ဒီလို ပွင့်လင်းတာကိုမှ သဘောကျတာ”

ခါးသီးသော စကားများသည် သူမအပေါ် ပြောင်းပြန်သက်ရောက်လေ၏။ သူမကို ခါချကာမှ ပိုပြီး တွယ်ညှိအောင် လုပ်မိသလို။ ဘာပြောရမှန်း မသိခင်မှာ အစ်မတစ်ယောက်လို အေးချမ်းသည့် အပြုံးနှင့်

“ကျွန်မကို အခွင့်အရေးပေးပါ မနေ့က စဉ်းစားကြည့်တော့ ရှင်ကို ဖွင့်ပြောတာစောသွားတယ် ရှင် ကျွန်မ အကြောင်း မသိသေးသလို ကျွန်မလည်း ရှင့်အကြောင်း အရမ်းမသိသေးဘူး ၊ ဒီတော့ ကျွန်မတို့ နှစ်ယောက်ကြား နားလည်မှု တည်ဆောက်ရမယ် ထင်တယ်။ အဲဒီတော့မှ ဆုံးဖြတ်ချက်ချလည်း နောက်မကျသေးပါဘူး”


သူမအပြောက မှန်သလိုလို။ သို့သော် မျက်လုံးမှိတ်မယုံကြည်ချင်။ သူမ မျက်လုံးကို ခိုးကြည့်မိလိုက်သည်။ ဘာတွေများတွေးနေပါလိမ့်။ ကျွန်တော် အကြည့်ကို လုံးဝမရှောင်လွဲ။ ကြီးမားဝိုင်းစက်လှသော မျက်လုံးရွဲများက ရောင်ပြန်ဟတ်နေသောကြောင့် ကျွန်တော် အကြည့်ကိုပင် ပြန်မြင်နေရသည်။ နောက်ဆုံးတော့ စိတ်လျော့လိုက်သည်။ မျက်နာလွဲကာ စက်ဘီးပေါ်သို့တက်လိုက်သည်။


“—တက်”


“ကျေးဇူး!”


အတော်ပျော်သွားပုံ။ နောက်ခုံမှာ ထိုင်ပြီးတာနဲ့ ကျွန်တော် နင်းတော့သည်။ ပြောခဲ့သလို သူမ ခန္ဒာကိုယ်က ပေါ့ပါးသည်။


“နောက်ဒီလို လူတွေဝိုင်းကြည့်အောင် မလုပ်ဖူးလို့ ကတိပေးပါ”

” ကြိုးစားကြည့်မယ်လေ”

“မကြိုးစားနဲ့ ကတိပေးခိုင်းတာ”

“Nonomiya-kun ၊ လေက တဖြူးဖြူးနဲ့နော် အတူစက်ဘီးစီးရတာ ဒီလောက်ပျော်ဖို့ ကောင်းမယ် မထင်ခဲ့ဘူး”


လမ်းမပေါ်မှ မှန်ကနေ မြင်လိုက်ရသည်က Tsukimori တစ်ယောက် ညာလက်ဖြင့် စကတ် ကိုဖိထားပြီး ဘက်လက်က ကျွန်တော်ကို သိုင်းဖက်ထားသည်။ လမ်းမ တစ်လျောက် ဖြတ်သန်းလာသည့် မြင်ကွင်းများကို ကြည့်ရင်း တကယ်ကိုပျော်နေပုံ။ ကျွန်တော်ကို ထိုမျှပင် ယုံကြည်ထားသော သူမကို ထပ်၍ အပြစ်မဆိုရက်။ ထိုကြောင့် ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်ကား


“အင်း ကောင်းတာပေါ့” မျှသာ


မကျေနပ်မှု ၊ စိတ်တိုင်းမကျမှု တို့ကို ခြေနင်းပြား ဆီသို့သာ ပို့လွတ်၍ ကုန်းရုန်းနင်းလေ၏။ အပြန်လမ်းတစ်လျောက် ကျောင်းတာ် သားများ ၏ အကြည့်စူးများကို သတိထားမိသည်။ မနာလိုဖြစ်လည်း ဖြစ်ကြစေတော့။ စက်ဘီးစီးသည့် သက်တမ်းမှာ ယခုလို တခါမှ မဖြစ်ဖူး ၊ မည်သူ့ကြောင့် ဆိုသည်ကိုတော့ မေးရန်ပင် မလို။ နောက်ခုံမှာ Tsukimori Youko ကိုထား၍ ကျွန်တော် နင်းလာသည်။ ဒါက လူငယ်ဘဝရဲ့ အချိုမြန်ဆုံး ကာလတစ်ခု။ ကျွန်တော်က ထိုကာလကို ကြုံရသဖြင့် ဂုဏ်ပင်ယူရမည်။ တကယ်တမ်းတွင် ကျွန်တော် ယခုလို သူမအား အများနှင့်မတူ စက်ဘီးပေါ် တင်နိုင်သည့်အတွက် ဂုဏ်ယူမိသည်။ လောလောဆယ် သူမသည် ဂြိုလ်ဆိုးမလေး ဆိုသည့်အချက် ၊ “လူသတ်နည်း” နှင့် ပတ်သတ်သည့်အချက်များပင် မေ့လျော့သွားသည်။

များမကြာမီ နာရီပိုင်း အတွင်း သူမ ၏ ဆော့ကစားမည့် အရုပ်မှာ ကျွန်တော်ပင်ဖြစ်မည်။ ထိုကြောင့် စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားရန် လိုပေသည်။ ကျွန်တော် သူမတောင်းဆိုချက်ကို လက်ခံခဲ့သည်။ အကြောင်းရင်းမှာ ရိုးရှင်းသည်။ စိတ်ဝင်စားသောကြောင့်ဖြစ်သည်။ အဝတ်လဲခန်းတွင် စားပွဲထိုးဝတ်စုံ ကို လဲဝတ်သည်။ ဘောင်းဘီအနက်ကို စွတ် ၊ အင်္ကျီအဖြူ ကြယ်သီးတပ် ၊ အပေါ်မှ အင်္ကျီအနက် ထပ်ဝတ်၏။ထိုနောက် ထိပ်ရှုးသားရေဖိနပ်ကို စွပ်၊ ခါးတွင် ခါးစည်းထပ် ၊ မှန်ရှေ့ အချိုးကျမကျ ကြည့်ပြီးနောက် စားဖိုခန်းသို့ ဝင်လေ သည်။ ဝင်ဝင်ချင်းမှာပင် နှစ်ခြိုက်သင်းကြိုင်သော ကော်ဖီစေ့ရနံ့များမှ ဆီးကြိုလျှက်။ ထို့ကြောင့် အကောင်းဆုံးကော်ဖီများသာ ရောင်းချပေးသည့် ဗြိတိသျှစတိုင် Victoria ကော်ဖီဆိုင်တွင် အလုပ်ဝင်ခဲ့ခြင်း။ ကျွန်တော်ကို တွေ့သည်နှင့် လုပ်ဖော်ကိုင်ဖက်များ နှုတ်ဆက်ကြလေသည်။


“မစ္စတာ Kuijirai?” လက်လှည့်ကော်ဖီကြိတ်စက် ဖြင့် ကြိတ်နေသော ကိုယ်လုံးကိုယ်ဖန်ကောင်းကောင်း ဦလေးကြီးကို ကျွန်တော် နှုတ်ဆက်လိုက်၏။


မျက်မှန်တပ်ထားသည့် ဦးလေးကြီးမှ အပြုံးဖြင့် အသိအမှတ်ပြုသည့်အခါ ဆက်၍


“ကျွန်တော် ဒီနေ့ တာဝန်ကျတာ အရှေ့မှာ ၊ ဒါပေမယ့် မီးဖိုချောင်ထဲမှာပဲ လုပ်ချင်လို့”

“ဘာဖြစ်လို့လဲ”

“ပုဂ္ဂိုလ်ရေးကြောင့်ပါ ၊ အားတော့နာပါတယ် အတန်းဖော်တစ်ယောက် ရောက်လာလို့”

“အမ်? ဒါဆို ဘာလို့ပြောင်းချင်တာတုံး”

“အင်း ကျွန်တော် အတန်းဖော်ကို အဖော်မပြုနိုင်ဘူးလေ ပြီးတော့အလုပ်လုပ်နေတုံး စောင့်ကြည့်ခံရမှာ ရှက်စရာကြီး”


သူမ ကျွန်တော်ကို မြင်စရာလား ! ကျွန်တော် ငြင်းသည်က ကလေးတော့ဆန်သည်။ သို့သော် သူမကို အကြိမ်ကြိမ်ငြင်းဆန်ရာတွင် မအောင်မြင်သည့် အတွက် ဒါ နောက်ဆုံး အခွင့်အရေး။ သို့သော် ကျွန်တော်စကား ကို အလောတကြီး တုန့်ပြန်သူက ဆိုင်မန်နေဂျာ မဟုတ်ပဲ နောက်တစ်ယောက်။


“ဟေ့ Nonomiay! ယောက်ျားလေးလား မိန်းကလေးလား” ဟု နံဘေးတွင် parfait တစ်ပွဲအား သစ်သီးများ အလှဆင်နေသည့် မီးဖိုချောင်ဝတ်စုံဝတ် အမျိုးသမီးမှ လှမ်းပြောသည်။

“ယောက်ျားလေးဆို လဲပေးမယ်လေ ငါကြိုက်တဲ့ ပုံစံ ဖြစ်လို့ကတော့! ”


Mirai-san တစ်ယောက် သူ့အကျင့် ပြန်ပေါ်လာသည်မို့ ဆေးခါးကြီးသောက်မိသလို အကုန်လုံး မျက်နာရှုံမဲ့ကုန်ကြသည်။ သူမ နာမည်အပြည့်အစုံက Mirai Samejima ။ Mirai-san သည် Victoria တွင် အလုပ်ဝင်သူများ အနက် သက်တမ်းအရင့်ဆုံး ၊ မန်နေဂျာပင် သူမကို လေးစားရသည်။ သူမကိုယ်သူမတော့ တက္ကသိုလ်ကျောင်းသူ ဟု ပြောသောလည်း တခါတလေ မက နေတိုင်းလိုလို သူမ၏ မန်နေဂျာကို ဆက်ဆံပုံကို ကြည့်ရသည်မှာ ထိုထက်ပင် အသက်ပိုကြီးမည်ဟု ယူဆရသည်။

Gekkou-075.jpg

“စိတ်တော့ မကောင်းဘူးဗျာ Mirai-san: မိန်းကလေးဖြစ်နေတယ်!”

“ဟင် နင် မိန်းကလေးတစ်ယောက်ကို ခေါ်လာတယ် ဆိုတာလည်း စိတ်ဝင်စားစရာပဲ”


သူမ၏ လျှပ်ပြက်သလို ကျွမ်းကျင်လှသည့်လှုပ်ရှားမှု အကြား parfait အလှဆင်မှုက ပြီးဆုံးသွားပြီးနောက် ဟန်ပါပါဖြင့် ချော့ကလက် တစ်တုံးကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး စားပွဲများအားလုံးကို မြင်နိုင်သည့် ကောင်တာနေရာသို့ သွားသည်။


“ဘယ်သူလဲ? ပြောစမ်းပါဦး”


ပါးစပ်တွင် ချော့ကလက် ကိုငုံထားပြီး မျက်နာကလည် သုန်သုန်မှုန်မှုန်။ ကျန်သူများကလည်း အခွင့်အရေးကို လက်လွတ်မခံ ၊ သူမ နောက်မှ လိုက်၍ ကြည့်ကြလေသည်။ စပ်စုသော သူတို့ကို တစ်ယောက်ယောက်က ဆူမည်ဟု ထင်ထားပေမယ့် မန်နေဂျာ ကိုယ်တိုင် ပင် သိချင်စိတ်ဖြင့် မျက်နာများ ဝင်းလက်လျက်။ စိတ်ကို ဒုံးဒုံးချလိုက်သည်။


“ဒီမှာလေ”


ဟု ပြတင်းပေါက်နား အိ‌နြေ္ဒ တခွဲသားနှင့် ထိုင်နေသော Tsukimori ကိုညွန်ပြလိုက်ရသည်။ လုပ်သားထုကြီးမှ တခဲနက်ဩဘာပေးသံ ကြားရသောအခါ ပြောမိတဲ့ ကိုယ်ပင် အရူးလုံးလုံး ဖြစ်သွားသည်။


“တောက် ချောလိုက်တာကွာ ! မင်းအတွက် ရေလည်မိုက် Nonomiya သေချာတယ်!”


Mirai-san တစ်ယောက် အလိုမကျ၍ သူမ၏ သံမဏိလက်သီးနှင့် ကျွန်တော်အစာအိမ် မိတ်ဆက်လေ၏။


“…ကျွန်တော်ကို ဘာလို့ထိုးတာလဲဟင်?”


ကြောက်လန့်ပြီးမေးတော့ ကျွန်တော် မေးခွန်းကိုတော့ သနားစရာ အကြည့်များဖြင့်သာ အဖြေပေးကြသည်။


“မသိရင် မိန်းကလေးတွေ စိတ်မဝင်စားသလိုလိုနဲ့ နောက်ကွယ်မှာ ခြေရှုပ်နေတယ်ပေါ့လေ ဖွန်ကောင်လေးရဲ့”


ကြည့်ရသည်မှာ Mirai-san က ကျွန်တော်နှင့် Tsukimori ကို ချစ်သူများဟု အလွဲထင်နေပုံ။


“…Mirai-chan ရည်းစားအသစ် နဲ့ အခုတလော သိပ်အဆင်မပြေဘူး သိတဲ့အတိုင်း” ဟု မန်နေဂျာ မှ အနားကပ်တိုးတိုး ပြောလေသည်။

“ဒါဆို မကြာခင် ပြတ်တော့မယ်ပေါ့ ဟုတ်လား”

“အေး…ဟုတ်လိမ့်မယ်” ခေါင်းတညိတ်ညိတ်ဖြင့် နောက်ဆုတ်သွားသည်။


တကယ်တမ်းတော့ Mirai-san သည် ပါးစပ်သာပိတ်ထားလျှင် အတော်ပင် ကျက်သရေရှိသည့် မိန်းကလေး။ ထိုကြောင့် ဆန့်ကျင်ဘက် လိင်များ စိတ်ဝင်စားခြင်း ခံရသည်။ သို့သော် ရုပ်ရည်ကိုအကျင့်က လွမ်းမိုးသွားသည့်အခါ သိရသမျှ သူမမှာ ရည်စားမြဲသည် မရှိ။


“အမ်!? Saruwatari!? အသည်းကွဲနေလို့လား ဘာလို့လဲ”

“ဟင်-ဟင့်အင်း ဘာမှ အသည်းမကွဲပါဘူး”

“ဒါဆို ဘေးဖယ်!”


ယနေ့ စတေးခံရသူက Saruwatari-san ။ Marai-san ၏ ကန်ချက်သည် သူ့တင်ပါးပေါ် တိုက်ရိုက်။ ရည်းစားနဲ့ အဆင်မပြေသည့်အခါ ၊ ပြတ်သည့် အခါ သူမ၏ အခြေအနေမှာ အထိမခံ ရွှေပန်းကန်။ ကျွန်တော်တို့ Victoria မှ အလုပ်သမားများအကြား ထိုအခါမျိုးတွင် “မယ်ကုဝဏ်” ဟု၍ နာမည်ဖြင့် သိထားလေသည်။ မယ်ကုဝဏ် သောင်းကျန်းသည်နှင့် ပတ်ဝန်ကျင်အခြေအနေမှာ မုန်တိုင်းထန် လေသည်။


“မစ္စတာ Kujirai စားပွဲတွေအပိုင်း ကျွန်တော်ပဲ တာဝန်ယူလိုက်မယ်”

“အ-အင်း ကံကောင်းပါစေ”


ကိုယ်ဖာသာ ဆုံးဖြတ်လိုက်သည်က ပိုကောင်းသည်။ မီးဖိုချောင်တွင်မူ သားကောင်များဖြစ်ကြကုန်သည့် ယောက်ျားဘသားများ၏ ငိုသံများနှင့် ဆူညံလျက်။ ကျွန်တော်တို့ ကော်ဖီဆိုင်မှာ သိပ်မကြီးလှ ၊ စားပွဲ (၈)ပွဲ နှင့် ခုံတန်းရှည်တွင် ထိုင်ခုံ (၆) လုံး။ အလုပ်သမား ငါးယောက် အနက် နှစ်ယောက်မှာ ဝန်ဆောင်မှု ပေးပြီး လက်ကျန်က မီးဖိုချောင်တွင်။ သို့သော် အေးဆေးငြိမ်းချမ်းသည့် ထိုနေရာလေး ကို သဘောကျမိသည်။ ဗြိတိသျှစတိုင် ကော်ဖီဆိုင် နှင့် ကိုက်ညီအောင် စားပွဲများ ၊ ထိုင်ခုံများ က ရှေးဆန်ဆန် ။ ဆိုင်တွင်းအလှဆင်မှု ကို ဗြိတိသျှသူ ၊ မန်နေဂျာ၏အမျိုးသမီးမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သိထားသည်က ကော်ဖီဆိုင်အမည်မှာ သူမ၏ မျိုးရိုးအမည်မှ ရွေးချယ် ခဲ့ခြင်း ဖြစ်၏။ ဘူတာအနီးရှိ အဆောက်အဦ ပထမထပ်တွင် တည်ရှိခြင်း နှင့် စိတ်လက်ချမ်းသာစေသည့် အပြင်အဆင်များဖြင့် ချယ်မှုန်ထားခြင်း တို့ကြောင့် Victoria တွင် အဓိကအားဖြင့် ရုံးဝန်ထမ်း အမျိုးသမီးငယ်များ နှင့် ကျောင်းသူများ အလာများသည်။ ကျွန်တော် သူမဆီသို့ ဝန်ဆောင်မှု ပေးရန်အသွား ၊ Tsukimori တစ်ယောက် ခေါင်းမှခြေအဆုံး သေချာစွာကြည့်ရှုလေသည်။


“ရှင်နဲ့ Garcon အဝတ်အစားနဲ့လိုက်သားပဲ”


“Waiter” လို့ခေါ်ရမည် ဖြစ်သော်လည် ဂျပန်တွင် garçon ဟုအသုံးက ပိုခေတ်စားသည်။ မမှန်ပေမယ့် မည်သည်မှ မပြောတော့ပဲ ပုံမှန် အပြုံး ဖြင့်


“ကျေးဇူးတင်ပါတယ်” ဟုသာပြောလိုက်ပြီး ထိုနောက်

“မင်းနဲ့ ဒီကောင်ဖီဆိုင်နဲ့လည်း လိုက်ဖက်သားပဲ”

Tsukimori ပြန်၍ပြုံးကာ “ကျေးဇူးတင်ပါတယ်”

ရိုးသားစွာ ပြောရလျှင်ဖြင့် မိန်းမချောလေးသည် ကော်ဖီဆိုင်ကို အသက်ဝင်စေပါ၏။

“ဒီမှာ အလုပ်လုပ်တဲ့သူတွေက အတော်လေး ပျော်တက်ကြတယ်နော်”

သူမ မီးဖိုချောင်သို့ လှမ်းကြည့်ရင်းပြောလိုက်သည်။

“ဒီလောက် ဆူညံသံတွေ မကြားမိဘူးလား ? ဒါက ဝန်ဆောင်မှုလုပ်ငန်းမှာ အနှောင်အယှက်ပဲ”

ရေ တစ်ဖန်ခွက် နှင့် towel တစ်စုံ ချပေးရင်း လှမ်းပြောလိုက်သည်။

“ဒါပေမယ့် ပျော်ဖို့ကောင်းပုံပဲ”

“အင်း ဟုတ်ပါ့မလားပဲ တခါတလေ ငိုတောင်ငိုကြတဲ့သူတွေရှိတယ် ၊ ဘာပဲဖြစ်ဖြစ် ငါ့တို့ ဆိုင်ကို ယုံတာက ဘာမှာမှာ အကုန် ကောင်းတယ်”

“အော် သိပြီ ဒါဆိုရင် ကော်ဖီတစ်ခွက် ၊ ပြီးရင် ရှင်ကြိုက်တဲ့ မုန့်တစ်ခုခု”

“ဒါဆို ငါတို့ဆိုင်က ပိုင်ရှင်ကိုယ်တိုင်လုပ်တဲ့ ပန်းသီးအစာသွပ်မုန့် ဆို ဘယ်လိုနေမလဲ”

သူမ ခေါင်းကို ညိတ်လိုက်သဖြင့် ကျွန်တော်မှ ဦးညွတ်ကာ ပြောလိုက်သည်။

“မှာလိုက်ပါမယ်”

ကျွန်တော် စားဖိုဆောင်တွင် မှာသည် အမယ်များကို ပြောသည်။

“နင် တော်တော် မဖော်ရွေတဲ့ လူပဲ” Mirai-san မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ဟုတ်လား တကယ် ကျွန်တော် ဖောက်သည်တွေကို ဖော်ဖော်ရွေရွေ ဆက်ဆံပါတယ်”

“နင်နဲ့ အဲဒီ ကောင်မလေးနဲ့ ဘယ်တုံးထဲကလဲ ဘာမှမထူးသလိုပဲ နင်လိုကောင်မျိုးကို ဘာလိုများကြိုက်ရတာလဲ” မျက်ခုံးပင့်ကာ Tsukimori ကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“ပြောဖို့ မေ့သွားလို့ ရည်စား မဟုတ်ဘူးဗျ”

“မဟုတ်ဘူးလား”

“မဟုတ်ဘူး အတန်းဖော်”

“ဒါဆို ပြောပါဦး ဒီလောက်ချောတဲ့ အတန်းဖော် ကောင်မလေးက မင်းဆီက ဘာလိုချင်လို့တုံး”

“ကျွန်တော်ကို မဟုတ်ဘူး ၊ ဆိုင်ကိုဗျ။ ကြည့်ရတာ ကော်ဖီဆိုင်ကို ကြိုက်ပုံပဲ”

အမှန်ပြော၍ အကျိုးမရှိ။ ထို့ကြောင့် ဖြီးဖြန်းရလေသည်။

“ဒီလိုလား ပျင်းစရာကောင်းလိုက်တာကွာ”

“အစ်မပဲ ရည်းစားလို့ ထင်နေပြီးတော့ အထင်လွဲနေတာကို”

“ငါက ရိုးသားတာကိုး! ကျန်တဲ့သူတွေကလည်း ဒီလိုပဲ ထင်နေတာလေ ၊ အားလုံးရူးနေတာလားမသိဘူး”

“အစ်မက လိုရာဆွဲပြောနေသလိုပဲ”

“နင်တို့ ထင်သလို မဟုတ်ပါဘူး ငါစိတ်အပြောင်းအလဲ မြန်ပေမယ့် အဲဒီ ကောင်မလေးကိုတော့ သဘောကျပါတယ်”

ဘယ်သူကမှားပြီး ဘယ်သူက မှန်သလဲ ဆိုတာ မေးရန် စဉ်းစားခဲ့ပေမယ့် မမေးဖြစ်တော့။ အားလုံးအမြင်မှာ ဘယ်လိုလူက ရိုးသားပြီး ဘယ်လိုလူ က ဝေ့လည်ကြောင်ပတ် လုပ်လဲ မေးခွန်းဖြင့် သူ့မအမြင်ကို မေးချင်မိသည်။

“Mirai-san တစ်ခုလောက်မေးလို့ရမလား”

“အမ် ဘာလဲ?”

“ကြမ္မာဆိုးတွေ ကြုံတွေ့တာတောင် ဝမ်းမနည်းတဲ့သူ ကိုဘယ်လိုမြင်လဲ?”

“သံသယဖြစ်စရာပဲ” ဟု ခပ်သွက်သွက်ပင် “ဝမ်းနည်းစရာ ဖြစ်လို့ကို ကြမ္မာဆိုးလို့ ခေါ်တာလေ ဝမ်းမနည်းဘူး ဆိုရင် ဘယ်လိုလုပ် ကြမ္မာဆိုးလို့ ခေါ်မလဲ”


“အော် ဟုတ်ကဲ့” ဒီတစ်ခေါက်တော့ သူမပြောသည်ကို ထောက်ခံလိုက်သည်။ Tsukimori ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ပင်ပန်းနေလို့လား ၊ ဆိုင်အသွင်အပြင်ကို စိတ်ဝင်စား လို့လားတော့ မသိ မျက်စိကစားနေသည်ကိုတော့ တွေ့ရသည်။ကြည့်ရတာ အဖြူနဲ့ အနက် ကြောင်ရုပ်နှစ်ရုပ်ကို သဘောကျဟန်ဖြင့် မတ်တပ်ရပ် ကာ အသေးစိတ်ကြည့်နေသည်ကို တွေ့မိသည်။ ဒီဆိုင်က မည်သူကမျှ သူမသည် တမြန်နေ့ကမှ ဖခင် ဆုံးရှုံးသွားသည်ကို ယုံနိုင်မည်နည်း။ ကျွန်တော်တော့ မထင်။ ဘယ်သူကမှ သူ့ရဲ့ စိတ်ကို မြင်နိုင်မည် ဟုတ်။ အမြဲတမ်း တည်ငြိမ်ရင့်ကျက်သည့် အသွင်ဆောင်နေသည့် သူမ။ တမင်တကာ စိတ်ကို ထိန်းချုပ်ထားခြင်းလော ၊ ခံစားမှုကို ထုတ်ဖော်မပြတက်လို့ပဲလား မသိသော်လည်း မိမိမျက်လုံးထဲ သူမသည် ကြေကွဲနေသည့် မိန်းကလေး တစ်ယောက်နှင့် မတူ။ သို့သော် သူမ အနေနဲ့ ပတ်ဝန်းကျင်မှ လူတွေ ဝမ်းမနည်းအောင် ခံစားမပြတာမျိုးလည်း ဖြစ်နိုင်ပါသည်။ သို့တည်းမဟုတ် မိန်းကလေး တစ်ယောက် ၏ ပုံမှန်တုံပြန်မှုပေပဲလား။ သို့သော် သေတဲ့သူကတော့ ပြန်မလာနိုင်မှဖြင့် အမြဲတမ်းတ နေ၍လည်း ကိုယ့်အတွက် မကောင်းပေ။ သို့သော် ထိုသည်က ယူဆချက်သက်သက်သာ။ တကယ်တမ်း ဤမျှ အချိန်တိုအတွင်း ယခုကဲ့သို့ တောင့်ခံနိုင်ပါ့မလား၊ အထူးသဖြင့် ဝမ်းနည်းမှု ကို။ ကျွန်တော် Mirai-san စကားကို ပြန်ကြားယောင် မိသည်။ ဟုတ်ပေသည်၊ အတော်လေးကို သံသယ ဖြစ်စရာ။ အချိုပွဲကတော့ Tsukimori ကျေနပ်ပုံရသည်။


ကော်ဖီ သောက်ပြီး၊ ပန်းသီးမုန့် အကုန်အစင် စားပြီးသည့်နောက် “အရသာရှိလိုက်တာ” ဟု ချီးကျူးရှာ၏။

သူမ စားပွဲကိုရှင်းရန် ထွက်လာခဲ့သည်။

Tsukimori အားမလို အားမရဖြင့် စိုက်ကြည့်လိုက်သောအခါ “အစစအရာရာ အဆင်ပြေပါရဲ့သလား ခင်ဗျာ” ဟုမေးလိုက်သည်။


“ကျွန်မကို ပြန်ခိုင်းနေတာလား?”

“နင်က သဘောပေါက်လွယ်သားပဲ”

“ကျွန်မ ဒီဆိုင်ကို တကယ်သဘောကျတယ်”

အလွန်တရာ ဝမ်းသားသည့် အပြုံးဖြင့် ပြုံးပြလေသည်။

“ကြားရတာ ဝမ်းသာပါတယ် ဒါပေမယ့် ကမ္ဘာပေါ်မှာကော်ဖီဆိုင်တွေ အများကြီးရှိသေးတယ်ဆိုတာ မမေ့ပါနဲ့ အဲဒီတွေကိုလည်း သွားသင့်တာပေါ့”

“ကျွန်မ ဒီဆိုင်ကို အရမ်းသဘောကျတယ်”

Tsukimori တစ်ယောက် တူညီသည့်အပြုံး၊ တူညီသည့်စကားဖြင့် ထပ်ကာဆိုလေသည်။

“အော်သိပြီ နင်လည်း တခါတလေ သဘောတော့ပေါက်မလွယ်ဘူးပဲ”


ကျွန်တော်မှလည်း တူညီသည့် အဓိပ္ပါယ်ဖြင့် ထပ်၍ပြောလေသည်။

Tsukimori ရုတ်တရက်ပင် မတ်တပ်ထ၍ စားဖိုဆောင်ရှိရာ ဆိုင်အတွင်းဖက်သို့ ဝင်သွားရာ ဘုမသိဘမသိ သူမနောက်သို့ လိုက်ခဲ့ သည်။ သူမသည် အလုပ်သမားအား တွေ့လျှင်ပင်ချင်း လန်းဆန်းသည့် အပြုံးဖြင့် ပြုံးပြလေ၏။


“တွေ့ရတာ ဝမ်းသာပါတယ်ရှင်”


ဗြုန်းစားကြီး ချိုသာစွာ မိတ်ဆက်ခြင်းကို ခံလိုက်ရသည့် သူတို့ ပျာယာခတ်သွားသည်မှာ အဆန်းတော့ မဟုတ်။ အားလုံးကို ကြည့်ရ သည်မှာ သူမ နှင့် စကားပြောရမည်ကို စိတ်လှုပ်ရှားပုံ။ သို့သော် စိတ်လက်ကြည်လင်ပုံ မရသည့် Mirai-sanမပါ။


“ကျွန်မနာမည်က Tsukimori Youko ပါ။ Nonomiya-kun အတန်းဖော်ပါ” ဟု ယဉ်ကျေးသော အမူအရာဖြင့် သူမကိုယ်သူမ မိတ်ဆက် လေသည်။

“အင်း ဟုတ်ကဲ့ Nonomiya-kun ကျွန်တော်တို့ကို ပြောပြပါတယ်” ဟု မန်နေဂျာမှ မိမိထက် အသက်ငယ်သောလည်း လေးစားသမူ ပြန်ဖြေလေသည်။

“ကျွန်မ ပြောချင်တာကတော့ အရမ်းကို သဘောကျနှစ်သက်ဖို့ ကောင်းတဲ့ ကော်ဖီဆိုင်လေးပါပဲ ”

“ကျေးဇူးတင်ပါတယ်!”

သူမ၏ တောက်ပသော အပြုံးအောက်ဝယ် မန်နေဂျာပင် အနည်းငယ် ရှက်သွေးဖြန်းသွားသည်။

“အားလုံးကို အားကျလိုက်တာရှင်—”


ဆိုင်ဝန်ထမ်း အားလုံး သူမကို အံအားသင့်ဟန်ဖြင့်ကြည့်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က အားကျရမည့် မိန်းကလေးက သူတို့ကို ပြန်အားကျနေသည်ကိုး။


“—ဒီလို ချီးကျူးစရာ ဆိုင်မှာ အလုပ်လုပ်ခွင့်ရနေတာကိုလေ”


ဆည်းဆာအောက်မှ မီးတောက်လို Tsukimori Youko အလွန်အမင်း တောက်ပနေသည်။ နောက်မှ နေရောင်ကြောင့် ဖြစ်ကောင်း ဖြစ်မည် ဖြစ်သော်လည်း ယခု အချိန်တွင်တော့ သူမညို့ယူဖမ်းစားခြင်းအောက်တွင် အတုန်းအရုန်း။


“ဒီလိုမျိုး ကောင်းမွန်တဲ့ နေရာမျိုးမှာ အလုပ်လုပ်ဖို့ကို အိပ်မက်တောင် မမက်မိပါဘူးရှင်”


အခန်းထဲ ရှိရှိသမျှ ဝေနေယျ ထဲတွင် သူမ၏ ညှို့အားကို အတွန်းလှန်နိုင်ဆုံး ကျွန်တော်ကတော့ သောက်ရှုးကြယ်အသွင် ယဲ့ယဲ့လေး ပြုံးပြလိုက်သည်။ ပိုပိုသာသာ အကြီးအကျယ် ချီးမွှမ်းရသည့် အကြံအစည် ၏နောက်ကွယ်ကိုလည်း ရိပ်မိပါသည်။ သို့သော် မန်နေဂျာ ထပ်ပြောလိုက်သည့် စကားကြောင့် ယဲ့ယဲ့လေး ပြုံးထားသည် ကျွန်တော်အပြုံးများ ပြေးထွက်ပျောက်ဆုံးသွားသည်။


“…အမ်, Tsukimori-san တဲ့လား?”

“ဟုတ်ကဲ့ရှင့်”

“ဒီမှာ အလုပ်လုပ်ချင်လို့လား?”

“မစ္စတာ Kujirai—”


ငြိမ်နေလို့ မဖြစ်။ ဒီလူကြီး သေရာပါမည့် အမှားကို အကျူးလွန်မခံနိုင်။ ဒီမယ် ဦးလေး သူယောင်မယ် ကို မယုံကြည်လိုက်နဲ့နော်! သို့သော် တစ်စုံ တစ်ယောက် ပုခုံးကို လာပုတ်၊ လက်လှမ်းတင်လိုက်သည်။ ချောကလက်ရနံ့က လေထဲမှာ သင်းကြိုင်လျှက်။ “ကြည့်နေ” ဟုဆိုကာ မခိုးမခန့်ပြုံးလိုက်သည်။ ကျွန်တော်တို့ဆီတွင်လည်း မယ်ကုဝဏ်တစ်ယောက်လုံး ရှိသေးတာပဲ။


“အား တကယ်တော့ အလုပ်တနေရာက လိုနေတာ ၊ Nonomiya-kun ရဲ့ အတန်းဖော်ဆိုတော့ အချင်းချင်းတွေပဲလေ ဒီတော့ စိတ်ပါရင် တို့ကလည်း ကြိုဆိုပါတယ် Tsukimori-san”


ကျန်ဝန်ထမ်းများကလည်း ခေါင်းတဆတ်ဆတ် ညိတ်၍ ထောက်ခံကြသည်။ တကယ်ပင် တဖွဲ့လုံး စိတ်ညို့ခံရသလို ၊ သူယောင်မယ် ညို့ယူဖမ်းစားခြင်း ခံရပြီး အသိလွတ်ကုန်၏။


“အခုလိုမျိုး ကြိုဆိုတာ ကျေးဇူးတင်ပါတယ် ဒါပေမယ့် အဆင်ပြေပါ့မလားရှင် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ အလုပ်မလုပ်ဖူးဘူးရှင့်”


ဟု ရုတ်တရက်ဖြစ်၍ တွေဝေစဉ်းစားနေသည့် ဟန်ဖြင့်ပြောသည်။


“ဟင့်အင်း မပူပါနဲ့ အားလုံး ဝလုံးကနေ စသင်ရတာပဲလေ ပြီးတော့ မိန်းကလေးလို ထက်မြက်ပြီး သိမ်မွေ့တဲ့သူက လုပ်နိုင်မယ်လို့ ဦးယုံတယ်”


မှန်ပေသည်။ သူမသာ အလုပ်လုပ်လျှင် ဖောက်သည်များ သဘောကျမည် အမှန်။ သူတို့သည် သူမ၏ လင်းသည့်ဖက်အခြမ်းသာ မြင်ကြ သည်ကိုး။


“ကျွန်မကို ယုံကြည့်တဲ့အတွက် ကျွန်မကလည်း ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံပါတယ်ရှင်” ဟုတ် တောက်ပသော အပြုံးဖြင့် သူမပြန်ဖြေလေသည်။


ကျန်တဲ့သူတွေကလည်း ပြုံးပြုံရွှင်ရွှင်ပင် သူမကို လက်ခံကြသည်။ ကျွန်တော် တစ်ယောက်တည်းသာ ကံဆိုးမိုးမှောင်ကျသလို မကျေလည် သည် မျက်နာဖြင့်။ အကြောင်းရင်းမှာ သူ့မအကြောင်း ကောင်းကောင်းသိနေသဖြင့်။ အများချစ်ကြတဲ့ ပြီးပြည့်စုံတဲ့ မိန်းကလေး၏ အတွင်းပိုင်းတွင်း ရဲတင်းပြတ်သားသည့် စိတ်ဓာတ်ရှိမှန်း ကျွန်တော်သိသည်။ ပိုဆိုးသည်ကTsukimori က သူမ ဆွဲဆောင်မှု ကို ကောင်းကောင်းသိထားသည်။ ယခုပင် သင်ခန်းစာရသည်က သူမ မည်သို့မည်ပုံ အသုံးချလိုက်သည် ဆိုသည်ကိုပင်။ Mirai-san သူပုခုံးဖြင့် ကျွန်တော်ကို ဆွဲမှီလိုက်ပြီး နှစ်ကိုယ်ကြား


“ဘာလို့ ယောက်ျားတွေ မိန်းမချောတွေနဲ့ကြရင် အားနည်းကုန်တာလဲ” ဟု တိုးတိုးပြောသည်။

“မေးသင့်တဲ့ မေးခွန်းပဲ တကယ်တော့ ဒီကယောက်ျားတွေလည်း အစ်မနဲ့ယှဉ်ရင်လည်း အားနည်းတာပဲလေ” ဟု ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

“ငါ့ကို ချီးကျုးရမယ့် အချိန်တော့ မဟုတ်ဘူး ဒါပေမယ့် မဆိုးပါဘူး ၊ ဂုဏ်ပြုတဲ့ အနေနဲ့ နင့်ခေါင်းကို ပုတ်ပေးမယ်လေ”


ဟု သူမလက်ဖဝါး က ကျွန်တော် ခေါင်းပေါ်သို့ လှမ်းအတင် ၊


သို့သော် “ကျွန်တော် စိတ်မပါလို့ မနှောင်ယှက်ပါနဲ့ဗျာ”

“အားမနာပါနဲ့ နင်လိုချင်ရင် ငါ့စားနေတဲ့ ချော့ကလက် ခွဲကျွေးပါ့မယ်”

“ဒီအတိုင်းပဲထားတော့ မလို့လား Tsukimori ကိုမကန့်ကွက်ဘူးလား”

“နင်က ကန့်ကွက်စေချင်လို့လား?”

“အင်း အစ်မကန့်ကွက်ရင်လည်း အားလုံးက ကြိုက်မယ် မထင်ဘူး”

“ဒါဆိုလည်း ထားလိုက်ပါတော့”

“ဘာဖြစ်လို့လဲ?”


Mirari-san က ဒီလိုမျိုးလက်ခံမယ် ဆိုတာ အတော်လေး အံဩသွားသည်။


“ဘာဖြစ်လို့လဲ ဆိုတော့ ဘာကိုမှ ဂရုမစိုက်တဲ့ နင်က အသည်းအသန် ကန့်ကွက်ချင်တာကို ကြည့်ရတာ စိတ်ချမ်းသာလို့”


Mirai-san တစ်ယောက် မထီလေးစားဟန်ဖြင့်


“…အစ်မ အတော် အကျင့်ပုတ်တာပဲ?”

“နင်က ပိုဆိုးသေးတယ် ၊ ငါထင်တာမလွဲရင် Tsukmori လိုမိန်းကလေးမျိုးကို နင်ဘယ်လိုမှ ထိန်းနိုင်မှာမဟုတ်ဘူး”

“ကိစ္စမရှိပါဘူး အစောကတည်းက ထိန်းသိမ်းဖို့ အစီအစဉ်မရှိဘူး”

“နင်ကတော့ ဟုတ်မှာပေါ့ ဟိုကရော”


Mirai-san မျက်လုံးမှေးလိုက် ပြီး ကျွန်တော် အနားကပ်လာသည်။


“အစ်မ နှိပ်စက်ရင်တောင် ကျွန်တော်က ဖြေမှာ မဟုတ်ဘူး”

“ဟုတ်ပါပြီ ဟုတ်ပါပြီ စောင့်ကြည့်ကြတာပေါ့”


ကျွန်တော် ခံပြောသည်ကိုပင် ဂရုမစိုက် Mirai-san လက်ကိုယမ်းပြီး ဆောင့်ကြီးအောင့်ကြီး စားဖိုဆောင်သို့ ပြန်သွားသည်။ ကြည့်ရတာ သူမသည် အနှေးနဲ့အမြန် ကျွန်တော်တို့ ပတ်သတ်မှုကို ရိပ်မိနိုင်သည်။ မိန်းကလေးများအား အထင်သေး၍မရ။ ကိုယ်ကိုယ်ကို ပြန်ပြော မိသည်က Tsukimori က မလိုအပ်ပဲ Mirai-san ကိုလျှောက်မပြောအောင် တခုခုလုပ်ရမည်။


“ကျွန်မ ဒီမှာ အလုပ်လုပ်တော့မယ်”


အတွေးထဲမှသူမ ၊ Tsukimori ပျော်ရွင်စွာချဉ်းကပ်လေ၏။ ကျွန်တော်အတော်လေး ခေါင်းကိုက်လာသည်။


“နောက်မကျသေးဘူးနော် ပြန်စဉ်းစားပါဦးလား”


ကျွန်တော် အဖြေက အေးစက်စက် ၊ ကျွန်တော်ရင်ထဲက ပို၍ပင် အေးစက်သေးသည်။


“စိတ်ပူတာ ကျေးဇူးပါ ၊ ဒါပေမယ့် မန်နေဂျာကြီးက အရမ်းသဘောကောင်းပြီး ဒီနေရာကိုပေးမှတော့ ကျွန်မလည်း အစွမ်းကုန် ကြိုးစားပါ့မယ်”


ယုံကြည်မှု အပြည့်ဖြင့် လက်သီးကိုဖွဖွဆုပ်လျှက်။


“စိတ်မပူပါဘူး စိတ်အနှောင်အယှက်ဖြစ်တာပါ”

“အလုပ်တခုတည်းတူတူဆိုတော့ အတူကြိုးစားကြတာပေါ့”


သူမ အပြုံးက တခါမှ ကျွန်တော်ကို ဆွဲဆောင်၍မရနိုင်ခဲ့။ Mirai-san ကတော့ ကျွန်တော် သူမကို ထိန်းလို့ရမှာ မဟုတ်လို့ မှတ်ချက် ချခဲ့သည်။ သူမ ပါးနပ်လှသဖြင့် စိတ်ထဲမှာ မှန်သည် ဟု တွေးမိနေ၏။

______________________________________________________________________________________________

နောက်တနေ့ စာသင်ခန်းထဲ၌

အပင်များ စိမ်းလန်းစေသည့် နေရောင်ခြည်လို လန်ဆန်းသည့် အပြုံး ၊ နွေလေညှင်းလို နူးညံ့လှသည့် အသံဖြင့် Tsukimori တစ်ယောက် ၊ ကျွန်တော် ခုံကို ရုတ်တရက် ရောက်လာပြီး Usami ကို ပြောလေသည်။


“Nonomiya-kun အလုပ်လုပ်တဲ့ ကော်ဖီဆိုင်မှာ အလုပ်ရသွားတယ်”


ဆူညံလှသည့် စာသင်ခန်းတွင် အချိန်များ ရပ်တန့်သွားသလို ရုတ်တရက် အသံတိတ်သွားကြသည်။ Usami ကတော့ ဘထ္ထရီကုန် သွားတဲ့ နာရီလို။


“အမ်? Youko-san? Nonomiya နဲ့ အတူလုပ်နေတာလား? ဘာလို့လဲ? အဲ?


သူမ စိတ်ရှုပ်ထွေးနေပုံက နာရီစင်မှ တစ်နာရီ ပြည့်တိုင်း တခါမြည်သည့် ငှက်ရုပ်လေးလို။ အခြေအနေက မနေ့ကအတိုင်း လုံးဝထပ်တူ။


“အဲဒီကမန်နေဂျာက အလုပ်နေရာလိုနေလို့ အကူအညီတောင်းတာပါ ၊ ငါလည်း အစကအလုပ်မလုပ်ဖူးတော့ နည်းနည်းစိုးရိမ်တယ် ၊ ဒါပေမယ့် ငါဆိုရင် အဆင်ပြေမှာပါ လို့ မန်နေဂျာကတော့ ပြောတယ်”


Tsukimori တစ်ယောက်တော့ ပြဿနာရှာလေပြီ။


“နင်ကစပြောတာလေ နင်ပဲ အလုပ်လုပ်ချင်လှချည်ရဲ့ဆိုပြီး” ဟု မည်သူမျှ မကြားနိုင်သည့် အသံဖြင့် တိုးတိုးလေး ပြောမိသည်။

“ငါလည်းလာလုပ်ရင်ကောင်း….”

“ကလပ်သွားရမှာကို မပြေးနဲ့​လေ နင်ကြိုးစားပြီးသာ ပုံမှန်ကစားသမား ဖြစ်အောင်လုပ်”


ဒီလို စကားဟမည်ကို ကြိုသိထားသဖြင့် ကြိုပိတ်ထားလိုက်သည်။


“ဒီတစ်ပတ် လာခဲ့ပါလား Chizuru? ငါကတော့ အလုပ်သင်ဆိုတော့ နင့်ကို လာကြည့်နိုင်မယ် မထင်ဘူး ၊ ဒါပေမယ့် Nonomiya-kun တစ်ယောက်လုံးရှိနေတာပဲ မဟုတ်ဖူးလား Nonomiya-kun?”


ပြုံးရွင်နေသည့် သူမကို ဆက်ကနဲ ပြူးကြည့်မိသည်။ သူမကတော့ ခေါင်းကိုစောင်းလိုက်ကာ “ဟမ်” ဟု မေးကာ အပြုံးမပျက်။


“အင်း နင့်ကိုဆို ငါတို့ ကော်ဖီဆိုင်က အမြဲကြိုဆိုလျှက်ပါ Usami”


နောက်မှ Tsukimori ကို သေချာပေါက် ပြဿနာရှာရမည်။


“အင်း! လာခဲ့မယ်! သေချာပေါက်ကိုလာခဲ့ဦးမယ်!”


Usami အပျော်လွန်သွားဟန် မျက်လုံးများ လင်းလက်သွားသည်။ သူမ၏ ရိုးသားသည့် အပြုအမှုကြောင့် ကျွန်တော်၏ စိတ်ညစ်မှုများပင် ပပျောက်သွားသည်။ သို့သော် ပြဿနာရှိသည်။ ကျန်သည့် အတန်းဖော်များ အကြည့်ကို ခန့်မှန်းကြည့်ရသည်မှာ ၊ နောက်တစ်ပတ်ပင် ကော်ဖီဆိုင်ကို အနုကြမ်းလာစီးမည့်ဟန်ဖြင့် ။ ယခုတစ်ခေါက် ၎င်းတို့လာလျှင် တားရန် ခက်လေပြီ။


“အားလုံး နားထောင်ကြ! Nonomiya မင်း ငါတို့ကို ရှင်းပြဖို့သာ ပြင်ပေတော့ !”


Kamogawa တစ်ယောက် ၊ ကျွန်တော် ပုခုံးကို လူမိုက်ပြုံး ပြုံးကာ ပုတ်လေသည်။ ၎င်းနောက်မှ ယောက်ျားလေးတသိုက်၏ အပြုံးမှာလည်း ထိုနည်းတူတူပင်။ ၎င်းတို့မှာ ယောက်ျားလေးများ မဟာမိတ် အဖွဲ့ပင် ဖြစ်ရမည်။ ၎င်းတို့ဆီမှ Tsukmori ကိုမသွားသည့် အတွက် ကျွန်တော်ကို တရားမျှတမှုအတွက် တောင်းဆိုပါလိမ့်မည်။ ကြောက်လန့်စရာ ကောင်းလေစွ။


ကျွန်တော် စိတ်ထဲမှ တိုးတိုးလေး ကျိန်ဆိုလိုက်သည် ” Tsukimori ကို ဆန့်ကျင်ရမည်”