Gekkou:Volume 1 လရောင်

From Baka-Tsuki
Jump to navigation Jump to search

ထိုညတွင် သူမကို ဖုန်းခေါ်လိုက်သည်။

__ ငါနင်နဲ့ စကားပြောချင်တယ်

သူမနှင့် နှစ်ယောက်ချင်းတွေ့ရန် ချိန်းလိုက်သည်။ အချိန် အတော်ပေးရမည်ဖြစ်၍ တွေ့ဆုံပွဲကို စနေနေ့ အလုပ်မှအပြန်ချိန်းလိုက်သည်။ သူမမှ အိမ်သို့လာရန် ဖိတ်ခေါ်သော်လည်း ငြင်းပယ်လိုက်သည်။ ထိုနေရာတွင် ကောင်းမွန်သော အမှတ်ရစရာများမရှိ။ ထိုကြောင့် သူမ အိမ်အနီး တောင်ကုန်းပေါ်ရှိ ပန်းခြံထဲတွင် ချိန်းလိုက်သည်။ ထိုပန်းခြံသည့် သူမအမေ ဆုံးသွားသည့်နေရာပင် ဖြစ်သည်။ ကျွန်တော် ချက်ချင်းပင် တုန့်ပြန်လိုက်သည်။ အင်း ဟု။ ကျွန်တော် သူမ ပန်းခြံကို ရွေးချယ်ခြင်း ကို စိတ်ပူမိသည်။ သို့သော် စိတ်လည်းဝင်စားသည်။ ပြန်စဉ်းစားကြည့်လျင် ကျွန်တော်၏ ထူးဆန်းသော တောင်းဆိုမှုကို ငြင်းပယ်ခြင်းမရှိ လက်ခံခဲ့သည်။ ထိုကြောင့် သူမလည်း ထိုနေ့ရောက်လာမည်ဟု တွက်ထားပုံ။

ဟင့်အင်း သို့သော် မမှန်သေး။ ထိုနေ့ကိုပင် တမင် စောင့်ဆိုင်းနေပုံ။ ထိုကြောင့် သူမ အသံမှာ ချိန်းတွေးရမည် သကဲ့သို့ ပျော်မြူးနေခြင်း ဖြစ်ရမည်။ ထိုနေ့မှာ လသာလေသည်။ ရွှေလမှာ ကောင်းကင်တွင်သာလျှက် ကြယ်အပေါင်းအလယ်တွင် ဘုရင်တစ်ပါးလို ကမ္ဘာကို တောက်ပစွာ ထွန်းလင်းနေသဖြင့် အချိန်ကိုပင် မေ့နေမိသည်။

ပန်းခြံမှာ Tsukimori အိမ်မှ မိနစ်အနည်းငယ်သာ လျှောက်ရသည်။ မျက်လုံးအစုံတွင် စိမ်းစိုနေသော ပန်းခြံတံခါးဝကို မြင်ရသည့်အခိုက်တွင်တော့ အသက်ရှုသံများ မြန်လာပြီး မူးမေ့တော့မလို။ နာရီကြည့်မိသော် ၁၁ နာရီကျော်ရုံ။ အိမ်တစ်ခေါက်ပြန်၊ ရေမိုးချိုး၊ အဝတ်အစားလဲ၍ ပြန်ထွက်လာသဖြင့် ယခုမှ ရောက်သည်။ အလုပ်ပြီးပြီးချင်းလာလိုသော်လည်း Tsukimori မှာ မရ ၊ သူမ ပထမဆုံး ချိန်းတွေ့မှုတွင် သပ်သပ်ရပ်ရပ် ဝတ်စားစေသည်ဟု ပြောသည်။ တကယ်တမ်း နဂိုကတည်းမှ သမီးရည်းစားများ မဟုတ်၍ ချိန်းတွေ့ခြင်း မဟုတ်သော်လည်း မှန်သလိုလိုဖြစ်၍ လက်ခံလိုက်သည်။

ပန်းခြံဝသို့ရောက်သည်။ သစ်ပင်များနှင့် ကလေးကစားစရာများ ပြန့်ကျဲနေသည်မှ အပ ထူးထူးခြားခြားမတွေ့ ၊ ထူခြားနေသည်ဆို၍ ချောက်ကမ်းပါးအစွန်းတွင်ရှိနေသည် အဖြူရောင် နာရီစင်။ မျက်လုံးကို မှိတ် အသက်ကို တဝရှုလိုက်သည်။ အဆုတ်ထဲ လေကောင်းလေသန့်များ ရောက်ရှိလာပြီးနောက် တဖြည်းဖြည်း ရှုထုတ်လိုက်ပြီး ဘယ်ဘက်အိတ်ကပ်ကို နောက်ဆုံးအကြိမ်ကြည့်လိုက်ကာ ပန်းခြံထဲသို့ ဝင်လေသည်။

“__ငါစောင့်နေတာ အကြာကြီးပဲ”

အသံလာရာသို့ မျက်စိစောင်း၍ကြည့်မိသည်။

“ဒါပေမယ့် နင်ရောက်လာသေးလို့ ငါကျေးဇူးတင်ပါတယ် ဟုတ်တယ်မဟုတ်လား”

ကျွန်တော် မျက်လုံးထဲ သူမ ရောက်လာချိန်တွင် အသက်ရှုပင်မှားမိသည်။ စနှိုးဝှိုက် Tsukimori မှာ လျှောအိမ်လေး၏ အပေါ်ဝယ် ထိုင်နေသည်။

“အနက်ရောင်ဝမ်းဆက်က နင်နဲ့လိုက်တယ် သိလား Nonomiya-kun”

ကျွန်တော်မှာမူ အတွင်းအင်္ကျီ အဖြူရောင်မှ အပ တကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားသဖြင့် Tsukimori တခစ်ခစ်ဖြင့် ရယ်လေသည်။

“ဒါပေမယ့် ငါထင်တော့ ထင်သား ဒါကြောင့် နင်နဲ့လိုက်အောင် တကိုယ်လုံး အဖြူဝတ်ထားတာ”

သူမသည်လည်း အဖြူရောင်အဝတ်အစားများ ဝတ်ထားပြီး ဂါဝန်မှာလည်း အဖြူရောင်။ သူမ အဖြူရောင်ဇာပုဝါပါးလေးကို ပုခုံးပေါ်မှာ ပတ်ထားပြီး ဆံပင်ကိုလည်း အဖြူရောင်များဖြင့် ဆင်မြန်းထားသည်။ ကျွန်တော် မျက်စိထဲတွင် Tsukimori မှာ လမင်းလေးလို။

“ငါ့တို့ ချိန်းတွေ့တာ စကြတာပေါ့ ?”

Tsukimori Youko ခြေထောက်ကို ချိတ်လိုက်ပြီး တံတောင်ဖြင့် ထောက်ကာ ခေါင်းမှာအသာစောင်းလိုက်သည်။ သူမ၏ လှပတင့်တယ်သော ဆံပင်မှာလည်း နှုတ်ခမ်း အနားသို့ ခွေ၍ ကျလျက်ရှိသည်။ တကယ်လိုလို အိပ်မက်လိုလို။ စိတ်ထဲမှာ အတွေးများကို ကွယ်ပျောက်စေရန် ခေါင်းကို မြန်မြန်ခါလိုက်ရသည်။

“. . .နင့်ကို အပြင်မှာတွေ့မယ် ပြောတဲ့နေ့က နင်ပြောတော့ ငါတို့နှစ်ယောက်လုံးရဲ့ နားလည်မှု ရှိဖို့လိုတယ် လို့ပြောတယ်နော်”

“အင်း” ဟု သူမခေါင်းညိတ်လျက်။

“နင်ပဲပြောသေးတယ်နော် ငါတို့နှစ်ယောက် ပိုပြီးသိတဲ့အခါကြရင်တော့ ဆုံးဖြတ်ချက်ချလို့ရတယ်ဆိုတာ ဟုတ်တယ်ဟုတ်?”

“အင်း” ဟုဆို၍ သူမ မျက်လုံးစောင်း၍ကြည့်လိုက်သည်။

“ကံမကောင်းစွာပဲ ငါနင့်အကြောင်းသေချာမသိသေးဘူး ငါတို့ ချိန်းတွေ့ဖို့ဆိုတာ ဝေးသေးတယ်”

“ငါဆီက ဘာကိုသိချင်တာလဲ?”

__”အကုန်လုံး” ဟုဖြေတော့မလို။ သို့သော် သူမ၏ ယုံကြည်မှု အပြည့်ဖြင့် အပြုံးကို မြင်၍ တစ်ခုသာ ပြောစရာရှိသည်။

“နင်သတ်တာ မဟုတ်လား?”

ထိုတခဏတွင် ကစားစရာလျှောပေါ်မှာ မှ နက်ပြာရောင် ကောင်းကင်ဆီသို့ သူမခုန်ချလိုက်သည်။ ပုဝါမှာ ငန်းတစ်ကောင် အတောင်ပံဖြန့်သကဲ့သို့ နှစ်ဖက်ပြန့်ထွက်သွားပြီး သူမမှာလည်း အတောင်ပံခတ်၍ ဆင်းလာသလို ညင်ညင်သာသာကျလေသည်။

“နင်ဘာကိုပြောချင်တာလဲ?”

“အင်း ငါပြောချင်တာက” ဟုစကားကို တမင်ရပ်လိုက်ပြီး ပုံမှန်ရုပ်တည်နဲ့ပင်

“Tsukimori Youko ရဲ့အရှုပ်တော်ပုံ”

မျက်နာပင်မပျက် Tsukimori ပြုံးမြဲပြုံးဆဲ။

“အင်း ငါသိပြီ ကြည့်ရတာ ချိန်းတွေ့တာထက်ပိုပြီး စိတ်ဝင်စားစရာပဲ”

သူမကို ကျွန်တော်၏ အဖိုးတန်ရန်သူတစ်ယောက် ဖြစ်စေချင်သည်။ တချိန်က Tsukimori ဘယ်သူမှမသတ်၊ အဘယ်ကြောင့်ဆိုသော် ဒီလို ရူးသွပ်မည့် အလုပ်မျိုးကို မလုပ် ဟု စိတ်မှ နိဂုံးချုပ်ဖူးသော်လည်း ထက်မြက်သော လူတစ်ယောက် ကစားပွဲထဲသို့ဝင်လာသောအခါ အခြေအနေမှာ ပြောင်းလဲသွားသည်။ ကျွန်တော် အယူဆသည်လည်း Konan တစ်ချက်ချင်းစီ ထောက်ပြသဖြင့် သံသယဖြစ်စရာ ၊ အငြင်းပွားစရာများလည်း ပေါ်လာသည်။

သူမအကြောင်း ကျွန်တော် သိသလောက်နှင့် လူသတ်နည်းစာရွက် ကျွန်တော်လက်ထဲ ရောက်လာခြင်း မှစတွက်သော် စိတ်ထဲတွင်လည်း သံသယများပွားများလာသည်က သဘာဝကျသည်။ တစ်ယောက်ယောက်ကများ Tsukimori Youko ကိုအဘယ်ကြောင့် အပြစ်ကင်းသည် ဟု ယူဆသနည်း ဟု မေးခဲ့ပါက သူမ အမေသည် ကိုယ်ကိုယ်ကို လိပ်ပြာမလုံသည့် အချက်နှင့် ပတ်သတ်၍ သဲလွန်စ အတော်များများတွေ့ပြီးဖြစ်သည်။ ဥပမာ လူသတ်နည်းစာရွက် ကိုရေးသားခြင်းလိုမျိုး။ တချိန်တည်းတွင် သတိထားမိသည်က ထိုသဲလွန်စမှာ သူမ အပြစ်ကင်းသည် ဟုလည်း သက်သေပြရန် မခိုင်လုံချေ။ ကျွန်တော်ဖာသာ သူမ အပြစ်ကင်းသည်ဟု ရူးမိုက်စွာ ယုံကြည်နေခြင်း ဖြစ်သည်။

ယခုစဉ်းစားမိသည်က ကျွန်တော် အနေဖြင့် သူမ လူသတ်သမား မဖြစ်ပါစေနှင့်ဟု အသည်းအသန်ဆုတောင်းဖူးပေလိမ့်မည်။ ထိုကဲ့သို့သာ ထင်ခဲ့ရခြင်းမှာ စိတ်ဝင်စားသည့် သူတစ်ယောက် ကို မဆုံးရှုံးလို၍ ဖြစ်မည်။ တနည်းအားဖြင့် ကျွန်တော် သူမကို ဖြူစင်သည်ဟု တွေးမိခြင်း။ လက်ရန်းပေါ်ထိုင်နေစဉ် သူမမှာမူ ဒန်းအပြာရောင်ပေါ်တွင် ထိုင်လျှက် လွဲနေသည်။ ကျွန်တော် သံသယဝင်ခဲ့သည့် အချိန်မှ စပြောမိသည်။

သူမကို သံသယဝင်ရသည့် အကြောင်းရင်းများကို တချက်ချင်းစီ ပြောပြလိုက်သည်။ ဟင်းချက်သင်တန်းကျောင်းမှ သံသယဖြစ်ဖွယ် ဖုန်းခေါ်ခြင်း ၊ ဖုန်းများက silent လုပ်၍ ရသည့်အချက် ၊ သူမအမေကို ရှာရမည့်အစား ကျွန်တော်ကို တဘက်လှမ်ပေးခြင်း ၊ သေတမ်းစာကို လက်ဖြင့်မရေးပဲ ကွန်ပျုတာဖြင့်ရေးခြင်း။

ထပ်၍ ကျွန်တော် ယူဆချက်များဖြစ်သည့် သူမသည် ကျွန်တော်ကို သေတမ်းစာ တွေ့ရှိသူဖြစ်စေရန် လုပ်ဆောင်ခြင်းကို ပြောသည်။ Tsukimori တိတ်ဆိတ်စွာ နားထောင်နေပြီး တခါတရံ ခေါင်းကိုညိတ်သော်လည်း ငြင်းဆန်ခြင်း ၊ ထောက်ခံခြင်း မရှိပေ။ နောက်ဆုံးပြောပြီးသည့် နောက်တွင်တော့ သူမ ညကောင်းကင်ကို ကြည့်၍ အတွေးများနှင့် နစ်ဝင်သွားပုံ။ ထိုမတိုင်မှီ။

“ဒီလို Konan-san ဆီကကြားတာလား?”

ခေါင်းညိတ်ပြလိုက်သည်။ သူမ ထင်သလိုပင် ကျွန်တော် အငြင်းပွားမှုများမှာ Konan နှင့် စကားပြောခဲ့စဉ်က ဖြစ်သည်။

“ဒါပေမယ့် အချက်တွေကိုတော့ ငါသဘောတူတယ်။ ငါ့ယူဆချက်လို့ ပြောလို့လည်း ရတယ်”

Tsukimori အံဩသွားသလို မျက်နာဖြင့်

“ငါမရှိတုံး ဒီအကြောင်းတွေ ပြောနေတာလား?”

သူမနှုတ်ခမ်းကိုစူပြီး ရှုတည်တည်ကြည့်လျှက်

“အကျင့်မကောင်းတာ! နင်တို့နှစ်ယောက် ငါ့ကို သံသယဝင်တယ်ပေါ့”

“ဟင့်အင်း” ဟုခေါင်းခါလိုက်သည်။

“Konan-san နဲ့ဘာမှမဆိုင်တော့ဘူး ငါတစ်ယောက်တည်း နင့်ကို သံသယဝင်တာ”

သူမ လေးနက်စွာပင် ပင့်သက်ရှိုက်လိုက်သည်။

“Konan-san ငါကို သံသယမဝင်တော့ဘူးဆိတာ မယုံနိုင်နိုင်လောက်အောင် အံဩဖို့ကောင်းတယ် ၊နင် ဘယ်လိုများ လုပ်လိုက်တာတုံး Nonomiya-kun?”

“နင် စကားကို သတိရမိလို့ပေါ့” ကျွန်တော် အနီးရှိ ချုံတစ်ခုကို လက်ဖြင့်ကိုခါလိုက်ပြီး “ဖွန်ကြောင်နည်း” အကြောင်းကိုတော့ မပြောဖြစ်တော့။

‘သူဘာတွေးလဲဆိုတာ သိချင်ရင် သူနေရာဝင်ခံစားကြည့်လိုက်ပေါ့!’

တကယ်တမ်း ထိုစကားသာ မကြားမိပါက ကျွန်တော် Konan ကို ရှုံးမြဲရှုံးဆဲ ဖြစ်နေမည်။

“အိုး ငါက ကူညီသလို ဖြစ်သွားတာပေါ့?”

ဟု Tsukimori ပြုံးသည်။ သူမ အကြည့်ဖျောဖျော့လေးမှာ အစ်မတစ်ယောက်မှ မောင်တစ်ယောက်၏ အောင်မြင်မှုကို ဝမ်းသာနေသလို။ ထိုကြောင့် သက်ပြင်းချမိသည်။

“. . . အင်းဟုတ်သားပဲ သူ ငါ့ကို စကားရိပ် ပေးခဲ့တာပဲ”

ကိုယ်ကိုယ်ကိုတွေးမိသည်။ သူမ အနေဖြင့် ကျွန်တော် Konan စကားများ အငှားသုံးသည်ကို ချက်ချင်း သိခြင်းအားဖြင့် သူမအနေဖြင့် Konan နှင့်ကျွန်တော် သူမကို သံသယ ဝင်နေသည်ကို အစောကတည်းကပင် ကြိုသိပြီးဖြစ်မည်။ ထိုသို့တွေးမိသည်နှင့် သူမသည် အလွန်ပင် ကျွမ်းကျင်လှသည့် သရုပ်ဆောင် တစ်ယောက်လို ၊ ပြန်စဉ်းစားကြည့်သော် သူမနှင့် ကျွန်တော်တို့ Mirai-san သမခြင်း ခံရသည့်အခိုက် တွင် သူမ၏ ရန်လိုသော အပြုအမှုများသည် ပုံမှန်မဟုတ် ဟု ကျွန်တော် တွေးမိသလို ၊ သူမအနေနဲ့လည်း ကျွန်တော်နှင့် Konan ကို သံသယဝင်မည် ဖြစ်သည်။ ကျွန်တော် ဆက်၍ မတွေးတော့ ၊ သို့သော် သူမက ကျွန်တော်ကို ကစားနေပြန်သည် ဟု ခံစားမိသည်။ သူမသည် ကျွန်တော်ထက်စာလျှင် သရုပ်ဆောင် ပိုကောင်းသည် ဟု ရိုးသားစွာလက်ခံမိသည်။ ကျွန်တော်ငြိမ်သက်နေစဉ် သူမမှာ ခေါင်းကို အသာအယာစောင်းပြီး

“အမ်?”

ကျွန်တော် လူသတ်သမားဟု စွပ်စွဲသော်လည်း သူမအပြုံးတွင် မကျေနပ်သည့် အရိပ်အယောင်ဟူ၍ အစမှအဆုံးမတွေ့ရ။ သူမ မူပိုင်အပြုံးဖြင့်သာ။ အားလုံးစိတ်ထဲတွင် အလွန်ပင် လှပသန့်စင်သည့် မိန်းကလေး။ သို့သော် ထို Tsukmori Youko ကို ကျွန်တော် တွေ့ချင်သည် မဟုတ်။ အခု လက်ရှိတွင်တော့ သူမအပြုံးအောက်တွင် ကျွန်တော် အေးခဲသွားသည်။ ကျွန်တော်လက်ချောင်းများမှာ ဘယ်ဘက်အိတ်ကပ်ထဲသို့။

“. . . အင်း ငါတစ်ခုပေးစရာရှိလို့”

ဒါကို သုံးစရာ အကြောင်းမရှိတော့။ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သော် လေးခေါက်ချိုး စာရွက်ခေါက်လေး ထွက်လာသည်။

“ဘာလဲ”

Tsukmori လှမ်းယူလိုက်ပြီး မေးလေသည်။ ကျွန်တော် သူမ စာရွက်ကိုဖြန့်နေသည်ကို ကြည့်နေမိလိုက်သည်။ သူမအကြည့်မှာ အပေါ်မှ အောက်သို့ တဖြည်းဖြည်း ဖတ်ရှုပြီးနောက်တွင်တော့ သူမ တိုးတိုးပြောလိုက်သည်က

“. . . နင်ငါ့ကို တခုခုပေးတိုင်း ဝမ်းသာပါတယ် ဒါပေမယ့် ဒါက လက်ဆောင်ကောင်းတစ်ခုတော့ မဟုတ်ဘူး”

“မတက်နိုင်ဘူး ဒါက လက်ဆောင်မဟုတ်ဘူး တကယ်တော့ ပိုင်ရှင်ကို ပြန်ပေးတာပဲလေ”

ကျွန်တော် မျက်လုံးမှာ သူမဆီမှ မခွာပဲ “နင့်ဟာ မဟုတ်လား?”

ကျွန်တော် သူမမျက်လုံးများကို အသက်ပင်ရှု ၊ မျက်တောင်ပင်မခတ် ကြည့်မိသည်။ ကျွန်တော် ဒီအချိန်ကို တသက်လုံးစောင့်နေသည်ဟုပင် ပြောနိုင်သည်။ ထိုအချိန်တွင် ဘာပဲဖြစ်ဖြစ် သူမ တုံ့ပြန်မှုကို ကျွန်တော် လွဲမသွားချင်။ သူမ ခေါင်းကို မော့လိုက်ပြီး လခြမ်းကွေးလို ပြုံးလိုက်ပြီး

“အင်း ဟုတ်တယ်!” ဟု ပုံမှန်အတိုင်းပင် ဝန်ခံလိုက်သည်။

“ဒါဆို အဲဒီ လူသတ်နည်းနဲ့ ပတ်သတ်ပြီး ပြောကြတာပေါ့”

ထိုအရာက ကျွန်တော် Konan ဆီရောက်မသွားအောင် ကာကွယ်ထားသည့် ပစ္စည်း ၊ သူမ ခြောက်ကပ်ကပ်ရယ်ကာ

“ဒိတော့ ဒါကလွဲပြီး တခြားမရှိဘူးလေး မဟုတ်ဘူးလား? အင်း ဟုတ်တယ်လေ နင်လိုလူက ဒီလိုစိတ်ဝင်စားစရာ ကောင်းတဲ့အရာကို ဘယ်တော့မှ လျစ်လျူရှုမှာ မဟုတ်ဘူးလေ ဟုတ်လား”

ဖြတ်ကနဲ ကြည့်လိုက်သော်လည်း သူမ သည် ပုံမှန်အတိုင်းပင်။

“တကယ်တော့ ငါမပြောချင်ဘူး ဒါပေမယ့် နင်သိချင်ရင်တော့ ငါပြောပြပါ့မယ် အဲဒီအတွက် နင်ငါ့ကို__”

ကျွန်တော် ကိုယ်တိုင်မေးမိသည်။ သူမ အနည်းငယ်ပြောင်လဲသွားပါသလော?

“__ နင်ငါ့ကို မမုန်းပါဘူး ဆိုတာကို ကတိပေးပါနော်”

သူမ ပြုံးနေသော်လည်း သူမမျက်လုံးများမှာတော့ တကယ်ဆိုလိုနေသလို။ ဘယ်သူမှမသိသည့် Tsukimori Youko ၏အကြောင်းကို ကျွန်တော် လေ့လာနေသည်။ ကျွန်တော် ခြေတလှမ်း နီးလာသည်ဟု ခံစားရသည်။ သို့သော် ထိုမျှနှင့် ကျေနပ်နေမည် မဟုတ်။ သူမ၏ လူမသိကြည့် အခြမ်းကို ပို၍ သိလိုသည်။ သို့သော် လောစရာမလို ၊ နေမထွက်ခင် အထိ ကျွန်တော်တွင် အချိန်ရနေသေးသည်။

“. . .နင် အကုန်သိနေတယ် မဟုတ်လား?”

“ဘာ?”

“ငါ့လက်ထဲမှာ လူသတ်နည်းစာရွက် ရောက်လာတာကို”

ကျွန်တော် အမြဲတမ်း ထိုအချက်ကို စဉ်းစားမိသည်။ သူမ ကျွန်တော်ကို သေချာမှပင် စကားမပြောဖူးသော်လည်း ရုတ်တရက်ကြီး တွဲပါမည် ဟုပြောခြင်း။ ကျွန်တော် လက်ထဲ လူသတ်နည်း စာရွက်ရ၍ မကြာမှီ သူမ ကျွန်တော်ကို ချဉ်းကပ်ခဲ့သည်။ သို့သော် သူမ မျက်နာနေမျက်နာထားကို ကြည့်၍ သူမ အံဩသည်မရှိ၍ ကျွန်တော် အနေဖြင့် ကျေနပ်မိသည်။ Tsukmori မျက်တောင် ကို ပိတ်ချည်ဖွင့်ချည် လုပ်၍ အတန်တန်စဉ်းစားနေပုံ။

နောက်ဆုံးတွင် တည်ငြိမ်စွာ ခေါင်းညိတ်ပြီး “အင်း ငါသတိထားမိတယ်”

“ငါ အဲဒါပျောက်သွားတဲ့ မနက်က စာသင်ခန်းထဲမှာ ဘာဖြစ်လဲ မှတ်မိလား?”

သူမ ပြောမှ ထိုနေ့က အကြောင်း ပြန်တွေးမိသည်။

“အဲဒိနေ့က Nonomiya-kun နင်ငါ့ကို နှုတ်ဆက်တော့ ငါအတော်လေး အံဩသွားတယ် ဒါကြောင့် အကြောင်းတခုခုရှိမယ် ဆိုပြီးထင်ခဲ့တာ သိပ်တောင် မတွေးလိုက်ရပါဘူး”

“. . . ငါသေတွင်းငါတူးတာပေါ့ ဟမ်” ကျွန်တော် အလိုအလျောက်ပင် ပြောမိသည်။

ဘယ်လောက်တောင် ပေါကြောင်ကြောင် နိုင်လေသနည်း! ကျွန်တော် ဖာသာ သိချင်စိတ်ကို မထိန်းနိုင်ပဲ သွားနှုတ်ဆက်၍ စရသည်။ သူမအနေနဲ့လည်း သိပင် မသိသည့် သူတစ်ယောက်က စနှုတ်ဆက်၍ သတိထားမိသည်မှာ ထူးဆန်သည်မဟုတ်။ ကိုယ်ဖာသာကိုယ်တွေးနေရင်း ခေါင်းတဆတ်ဆတ်ခါ ၊ အသက်ကို ပြင်းပြင်းရှုမိပြီး ကိုယ်ကိုယ် ထိန်းချုပ်ရလေသည်။

“. . .ငါ လူသတ်နည်း စာရွက်ကို ရတုံးက”

ကိုယ်အမှားကို မသိအောင် စကားလမ်းကြောင်းလွဲရမည်။

“ငါထင်တာက နင်ရေးတာပေါ့ ပိုင်ရှင်နဲ့ ရေးတဲ့သူကို တစ်ယောက်တည်းထင်နေတာ အဲဒီတုံးက “နည်း” ဆိုတဲ့စာလုံးအစား “အကြံ” ဆိုတဲ့ စကားလုံး ဘာလို့မသုံးလဲ ဆိုတာ မတွေးမိသေးဘူး။

ပန်းခြံထဲတွင် ကျွန်တော် အသံတစ်ခုသာထွက်လာသည်။

“ဒါပေမယ့် နောက်မှ နင့်အမေက ဟင်းချက်သင်မှန်း သိလာရတယ်။ သူလိုလူအတွက်ဆိုရင် “နည်း” ဆိုတဲ့စကားက ပိုအသုံးများနိုင်တယ်လို့ ယူဆတယ် နောက် သူလက်ရေးကိုလည်း မြင်ပြီးရော စာရွက်ပေါ်က ဟာနဲ့တိုက်ကြည့်မိတယ်”

“နင်က ငါမျှော်လင့်ထားသလိုပါပဲ Nonomiya-kun”

ကြားဖြတ်ပြောလိုက်ပြီး တိတ်ဆိတ်သွားသည်။ အဓိပ္ပါယ်ရှိသော အကြောင်းပြချက် ဖြစ်ပြီး ကျွန်တော် ပြောသည်ကို ငြင်းဆန်လိုခြင်း မရှိသည့်သဘော။

“ဘာပဲဖြစ်ဖြစ် နင့်အမေဟာက ဘယ်လိုလုပ် နင်ဆီရောက်လာတာလဲ?”

သူမ ကို အကဲခတ်ရန် ရှေ့ကို မှီ၍ ကြည့်လိုက်သည်။

“ငါ အထက်တန်းစတက်ပြီး မကြာပါဘူး သူရေးထားတဲ့ဟာကို မတော်တဆတွေ့မိတာ__”

//////////////////////////////////////////////

အတော်ပင် ငြိမ်းချမ်းပြီး သာယာလှသည်။

“__ အဲဒါနဲ့ ငါအမေသတ်မယ်သူ က ဘယ်သူလဲဆိုတာကို သိခဲ့တယ်”

“နင့်အဖေ”

“အင်း ဟုတ်တယ် ဒီလူသတ်နည်းက တစ်ခုတည်းရှိတာ မဟုတ်ဘူး ၊ အများကြီးရှိသေးတယ် ၊ ငါမတွေ့သေးတာတွေလည်း ရှိချင်ရှိဦးမှာ”

“. . . မထင်ရဘူးနော်”

ကျန်သည်များကို ဖတ်ချင်မိသည်။

“ငါသိသလောက်တော့ အမေက ငါသိနေတယ်ဆိုတာ နောက်ဆုံးအထိ သိသွားပုံမပေါ်ဘူး ငါကလည်း လျှို့ဝှက်ထားတယ်”

“နင်ဘာတွေတွေးနေတာလဲ? ဒါကိုရပြီးရင် နင်ဘာလုပ်မလို့လဲ”

“အင်း. . .”

လေပြေအေးလေး တိုက်ခတ်သည့်ကြားမှ သူမဆံနွယ်များမှာ နားရွက်နှင့် လက်ချောင်းများတွင် ကပ်ညှိလျှက်။ သူမ ဘယ်လိုပြောရမည်နည်းကို စဉ်းစားနေဟန်။

“. . . ငါ စဖတ်လိုက်တော့ သူမှာ ဒီလိုမျိုး စိတ်ထားရှိတယ်ဆိုတာ သိလိုက်ရတယ်”

ကျွန်တော် သူမကို စိုက်ကြည့်နေမိသည်။

“ငါထင်တာကတော့ ရိုးရိုး အိမ်ရှင်မ တစ်ယောက်လို့ပဲ ထင်ထားတာ သူ့ ရုပ်နဲ့ သူ့ရဲ့ အပြုအမှုကို ပဲ ဂရုစိုက်မယ့် မိန်းမတစ်ယောက်ပေါ့”

“. . . အသုဘကို လာတုံးက အကဲခတ်တာတော့ ဒီလိုမျိုး စိတ်ထားရှိမယ် ဆိုတာ ထင်တောင် မထင်ထားဘူး”

သူမ အမေ၏ ငိုကြွေးနေပုံသည် အနက်ရောင် ဝတ်စုံဝတ်ထားသည့် Tsukimori ကို ပြန်လည် သတိရစေသည်။ ကျွန်တော် စိတ်ကူးထဲမှ သူမ သည် လွယ်လွယ်ဖြင့်ပင် ကျိုးပျက်လွယ်လွန်း၍ စိတ်အနှောင့်အယှက် ဖြစ်မိသည်။

“နင်သူ့ကို ဘယ်လို မြင်လဲဆိုတာ ငါမသိပေမယ့် နင်သူ့ကို ဘယ်သူ့ အမေလဲဆိုတာ မမေ့စေချင်ဘူး”

Tsukmori မှ ဖက်ရှင်မဂ္ဂဇင်းတွင် ပါလောက်မည့် အပြုံးမျိုးဖြင့် “သူက ငါ့အမေ”

သမီးတူအမေ? ဟင့်အင်း တကယ်တော့ အမေတူသမီး ဟု ခေါ်ရမည် ဖြစ်မည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တွေးမိသည်နှင့် သူမ၏ ပုံစံအသစ်ကို ကျွန်တော် မြင်ရလေပေသည်။ သူ့အဖေသည်လည်း ထိုနည်း ဆင်တူသည်ဟု ယူဆ၍ ရမည် ဖြစ်သည်။

“အမေက ဒီနယ်မှာ အကြီးဆုံး ဟင်းချက်သင်တန်းကျောင်းရဲ့ ဆရာမ။ ကျောင်းသားပေါင်းများစွာကို နေတိုင်းသင်ပေးနေတာ။ တီဗွီမှာပါတဲ့ ဟင်းချက်နည်း အစီအစဉ်တွေမှာလည်း ပါနေသလို ဟင်းချက်နည်းစာအုပ်တွေကိုလည်း ရေးတယ်။ သူဟင်းချက်တာနဲ့ပတ်သတ်ပြီး နာမည်ကြီးပဲ။”

သူမ အမေ၏ ပုံသဏ္ဌန် အသစ်ကို စိတ်ကူးဖြင့် ပြန်ဆောက်ကြည့်နေသည်။

“ဒီလိုမိန်းမမျိုးက ဒီလို ပေါတောတောဟာကို ရေးတယ်ဆိုတာ စဉ်းစားကြည့်စမ်း ငါဘယ်လောက် အံဩသွားလဲဆိုတာ”

သူမ အားရကျေနပ်ဟန်ဖြင့် ပုခုံးတွန့်လိုက်သည်။

“ပေါတောတော ဟမ်?” ကျွန်တော် သူမ ပြောလိုက်သည့်စကားကို ရေရွတ်မိသည်။

“နင်လည်း ဒီလိုထင်တယ် မဟုတ်လား? ဒါကို ဖတ်ပြီးတာနဲ့ သူ လူတစ်ယောက်ကို တကယ်သတ်ချင်တာရော ဟုတ်ရဲ့လားဆိုတာ မအံ့ဩမိဘူးလား ဒါက အကြံတစ်ခုနဲ့ ဘယ်လိုမှ မနီးစပ်ဘူး ၊ ငါထင်တာ သူ ‘နည်း’ ဆိုပြီးရေးရတာလည်း ‘အကြံ’ ဆိုတဲ့ အဆင့်အထိအောင် ရေးနိုင်တာ မဟုတ်လို့ဆိုတာလည်း တစ်ခု ဖြစ်လိမ့်မယ်”

“အား ဟုတ်ပြီ”

ကျွန်တော်လည်း ထိုသို့ပင် တွေးနေမိသည်။

“တကယ်ပဲ လူသတ်နည်းစာရွက်တစ်ခုအနေနဲ့ မပြည့်မစုံ မပီမသပဲ။ အကြိမ်တရာကြိုးစားလို့ တကြိမ် အောင်မြင်ရင် ကံကောင်းပဲ”

“အမ်” အစောပိုင်းတွင် သူမ သဘောတူဟန်ရှိသောလည်း ဒုတိယ စကားမှ သူမ မျက်မှောင်ကိုကြုတ်လိုက်စေသည်။

“ဒါပေမယ့် ဒီလိုမျိုး မပီမသရှိတာကိုက အဲဒီနည်းကို အသုံးဝင်စေတာပဲ”

“ဘယ်လိုမျိုးလဲ?”

ကျွန်တော်နှင့် Tsukimori တို့ တစ်ချက်တွင်တော့ အတွေးများမတူ။ ကျွန်တော်မှာမူ အစောကတည်းကပင် ထိုကဲ့သို့တွေးခဲ့သည်။

“ဘယ်သူကများ ဒီလို ကံတရားကို မှီခိုတဲ့ လူသတ်ဖို့ အကြံအစည်တစ်ခု ရှိနေမယ်လို့ ထင်ထားမှာလဲ”

Tsukmori စကားစရှာမရသည့်ပုံ။ အနည်းငယ်ကြာသော သူမသည်လည်း သူမ အမေ ထိုသို့ရေးခြင်းကို မျှော်လင့်ထားခြင်း မရှိပုံကို ထိုသို့ဖော်ပြခဲ့သည်။

“တကယ်လို့ ဒီအကြံအစည်ကို အောင်မြင်ဖို့သာဆိုရင် တကယ်လိုအပ်တာက ကံဆိုးမှု မဟုတ်ဘူးလား?”

“အဲဒီလို တစ်ဖက်လှည့်တွေးလိုက်တော့လည်း တမျိုးပဲ သဘောကျစရာပဲ”

သူမ နှစ်ခြိုက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုနောက် ဆက်၍

“နောက်ပြီး ငါထင်တဲ့အတိုင်း အဖြစ်အပျက်က ဖြစ်လာတော့__”

“__ ငါ့အဖေ မတော်တဆဖြစ်တာလား အင်း” ဟုကျွန်တော် ပြောသည်က မပြီးသေးခင်မှာတင်

“. . . နင်လက်ခံပြီလား?”

သူမ၏ မမျှော်လင့်သော တုံပြန်မှုကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။

“ဘာကို ငြင်းရမှာလဲ? ဒါကို ဖတ်ပြီးတာနဲ့ ဒီလို သံသယဝင်တယ်ဆိုတာ ပုံမှန်ပဲလေ”

သူမ ​လက်ချောင်းများဖြင့် စာရွက်ကို ကိုင်လျှက် ခေါင်းကို ခါလိုက်သည်။ ကျွန်တော် သတိထားမိလိုက်သည်က သူမ ကို ကျွန်တော် စိတ်ဝင်စားနေသည်။

“ငါ ဒီစာရွက်တွေကို ရှာမတွေ့ခင်က ငါ့အမေကို အဲဒီလိုမျိုး မထင်ထားခဲ့ဘူး။ ငါထင်တာက မနာလို လို့ထင်တာပဲ။ ငါတို့ မိဘတွေက တစ်ယောက်နဲ့ တစ်ယောက် ဂရုသိပ်မစိုက် ကြတာတောင် ဒီတော့ ငါအဖေမှာလည်း အငယ်အနှောင်း ရှိပုံရတယ်။ အဲဒါကို သူကလွဲပြီး တခြားအသစ်တစ်ယောက်ကို လက်မခံနိုင်လို့ ဖြစ်လိမ့်မယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မိန်းမ တွေက ယေဘူယျအားဖြင့် ယောကျာ်းတွေထက် ပိုပြီး မနာလို ဖြစ်လွယ်ကြတယ်။ နင်ဂရုစိုက်ဦး Nonomiya-kun”

သူအမေ အကြောင်းကို ပြောခြင်း ဖြစ်သော်လည်း ၊ သူမ အနေဖြင့် ပုံမှန်အကြောင်းအရာ တစ်ခုကို ပြောနေသလို ၊ သူမနှင့်မဆိုင်သလို မည့်သို့မှ ခံစားခြင်းမရှိ။ သူမ အိမ်နီးနားချင်း တစ်ယောက်၏ ကောလဟာလ တစ်ခုကိပြောနေသကဲ့သို့ပင်။ သူမကို အပြစ်တင်လိုစိတ်ပြင်းထန်လာသည်။

“ငါ့အနေနဲ့တော့ နင်ကို နင့်မိဘတွေ သတ်တဲ့လူလို့ပဲ မြင်နေမိတယ်”

ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောလိုက်သောအခါ Tsukimori သရော်သလိုလို ပြန်ကြည့်သည်။

“ငါ့မှာ အကြောင်းပြချက် မရှိဘူး ဆိုရင်တောင်?”

သူမ ပြုံးလျှက် ခေါင်းကို မော့ထားသည်။

“နင့်ရည်ရွယ်ချက်ကို စိတ်မဝင်စားဘူးတော့ မဟုတ်ပါဘူး တကယ်တော့ အရမ်းစိတ်ဝင်စားပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းအမြင်ကနေကြည့်ပြီး ဖြစ်နိုင်လား မဖြစ်နိုင်လား သုံးသပ်ကြည့်ရင် ငါအရင်ကတည်းက နင်ဆိုရင် လုပ်မှာပဲလို့ တွေးမိပြီးသား”

Tsukimori သူမမျက်လုံးမှာ စက္ကန့်ပိုင်းမျှ လခြမ်းကွေးလို ကျဉ်းသွားသည်။

“နင်အဖေ သေဆုံးမှုနဲ့ လူသတ်နည်းထဲက နည်းနဲ့ ဆင်တူတယ်ဆိုတာ နင်အစောကတည်းက ဝန်ခံခဲ့ပြီးပြိပဲ အခု ဒါက ကံဆိုးတာ မဟုတ်ပဲနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်တာဆိုရင် ဒီစာရွက်ကို မဖတ်ပဲနဲ့ ဒီအကြံကို ဘယ်သူက အကောင်အထည်ဖော်နိုင်မှာလဲ?”

Tsukimori သူလက်ဖြင့်မေးကို ထောက်လျှက် ကျွန်တော်ကို လှမ်းကြည့်လိုက်သည်။

“ပြီးတော့ တဖက်ကပြန်တွေးကြည့်ရင်လည်း ဒီနည်းကို ဖတ်တဲ့လူပဲ ဒီအကြံကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်လား?”

ကျွန်တော် မျက်လုံးပိတ်ပြီး အသက်ဝအောင် ရှုလိုက်သည်။

“နင့်အဖေ မဆုံးခင် ဒီစာကို ဖတ်တဲ့လူ သုံးယောက်ကို ငါသိတယ် ၊ ပထမ တစ်ယောက်က ဒီစာကိုရေးတဲ့ နင့်အမေ ၊ ဒုတိယ တစ်ယောက်က မတော်တဆ တွေ့မိတဲ့ ငါ ၊ နောက်ဆုံး တစ်ယောက် ကတော့__”

စာရွက်ပိုင်းလေးကို ကိုင်ထားသည့် သူမကို လက်ညိုးလှမ်းထိုးလျှက်။

“__ ဒီစာရွက်ပျောက်သွားတဲ့ Tsukimori Youko ဆိုတဲ့ နင်ပဲ”

Tsukimori တိတ်ဆိတ်နေသည်။

“ဒီအကြံအစည်က ဘယ်လောက်ပဲ ပေါတောတောနိုင်ပြီး မလွယ်ဘူးဆိုရင်တောင် နင်ဆိုတဲ့ Tsukimori Youko ဆိုရင်တော့ အကောင်အထည် ဖော်နိုင်မယ်လို့ ငါထင်တယ်”

သူမ တိတ်ဆိတ်မှုကို စွန့်ခွာ ၊ တီးတိုးစကားဖြင့်

“. . . ငါဘယ်လို ခံစားရလဲ သိလား?”

“ငါသာ နင့်ခံစားမှုကို ဒီလောက် လွယ်လွယ် နားလည်နေရင် ၊ နင့်နဲ့ အလိုက်အထိုက်နေမှာတောင် မဟုတ်တော့ဘူး”

“ငါအရမ်းကို ခံစားရတယ် ၊ နင်ငါ့ကို အရမ်းချစ်တယ်လို့ ခံစားရတယ် ဘာဖြစ်လို့လဲ ဆိုတော့ နင်ငါကို နားလည်တာကိုး ငါထင်ခဲ့တာ နင်ငါ့ကို မှားတယ်ဆိုပြီး ပြောမယ် ထင်ထားတာ”

“နင်မှားတယ်”

သူမ ကို အေးတိအေးစက်ပင် တုံ့ပြန်လိုက်သည်။ သူမ အပြုအမှုမှာ အဓိပ္ပါယ်မရှိ။ ကျွန်တော် သူမကို လူသတ်သမား အဖြစ် စွပ်စွဲသည့်တိုင်အောင် သူမ အပြုံးမပျက်၊ ထိတ်လန့်တုန်လှုပ်ခြင်း မရှိသလို ၊ ကျွန်တော်ကိုလည်း လှုံ့ဆောင်ခြင်း မရှိ။ သူမ ဘာမှမဖြစ်သည့် အပြုအမှုကြောင့် သူမ ဘာမှ ဖုံးကွယ်ထားခြင်း မရှိဟုပင် ခံစားရသည်။ သူမ၏ နောက်ကွယ်မှ ကိုယ်ကိုယ်ကို ယုံကြည်မှု များလား။ ကျွန်တော် စွပ်စွဲမှုများကို တွန်းလှန်ရန် ယုံကြည်မှု ရှိပါရဲ့လား။ ယခု မလုံလောက်သေးပါ။ သူမ၏ စိတ် အတွင်းပိုင်းကို ခက်ခက်ခဲခဲ ရှာဖွေပြီး သူမဟန်ဆောင်မှုကို ရိုက်မချိုးမချင်း ၊ ကျွန်တော် ရှာဖွေသည့်အရာကို တွေ့ရမည် မဟုတ်။

“. . . အစကတည်းက ငါစိတ်ထဲက ခိုးလိုခုလု ဖြစ်နေတာ ရှိတယ်” ဟု စကားစကာ

“နင့်မိဘ နှစ်ပါးကို သိပ်ပြီးတော့ သဘောမကျပါလား? သူစိမ်းတစ်ယောက် အကြောင်း ပြောနေသလို သွေးအေးနေလိုက်တာ”

Tsukimori သံသယဝင်သွားသည့် ပုံစံဖြင့်

“နင် မထင်ဘူးလား? ငါက ၁၇နှစ် ၊ ဒီအရွယ်က မိဘကို အားကိုးရမယ့် အရွယ် မဟုတ်တော့ဘူး ၊ တခြားအိမ်တွေမှာလည်း ဒီလိုမဟုတ်ဘူးလား”

ကျွန်တော် ချက်ချင်းပင် ငြင်းဆန်လိုက်သည် “ဟင်အင်း လုံးဝပဲ”

Tsukmori ပါးစပ်ပိတ်ပြီး ကျွန်တော်ကို မျက်နာသုန်မှုန်လျှက်။

“ဟုတ်တယ်လေ ဒါက လုံးဝထူးဆန်းတာပဲ နင့်အမေက နင်အဖေကို သတ်ဖို့ ကြိုးစားနေတာ! နင်က မိသားစုဝင်ဆိုရင် ပုံမှန်သာဆိုရင် တားမှာပဲလေ မဟုတ်ဘူးလား”

Tsukimori ရုတ်တရက်ပင် မျက်လုံးကျယ်သွားသည်။

“ငါဘာလို့ နင်အဲဒီစာရွက်ကိုတွေ့တော့ ဘာတွေလုပ်လဲလို့ ပထမဆုံး မေးခဲ့တာလဲ သိလား? နင်များ သူ့ကိုတားဆီးမယ်လို့ မျှော်လင့်ခဲ့တာ ဒါပေမယ့် စာရွက်နဲ့ ပတ်သတ်ပြီး နင့်အတွေး တွေကိုပဲ ပြောနေတော့”

သူပါးစပ်ကို အနည်းငယ်လှုပ်၍ တခုခု ပြောချင်သလိုလို။

“__ နင်စိတ်ထဲမှာ တားဆီးဖို့တွေးဖူးလား?”

ထိုအခိုက်တွင် Tsukimori မျက်နာပျက်သွားပုံက စကားများထက်ပင် ရှင်းလင်းသွားသည့် အဖြေ။ သူ့ခြေထောက်ကိုသာ သူပွေ့ဖက်တိုးကပ်၍ ပိုက်လိုက်သည်။

“နင်ဟာ မိသားစုနဲ့ အဆက်အဆံ သိပ်မရှိသလို ၊ သူတို့နဲ့ အဆင်မပြေတာလည်း မဟုတ်ဘူး”

အရင်မှ Tsukimori အပြုအမှုများကို သုံးသပ်၍ သူမအနေဖြင့် “မိသားစု” ဟုသောအရာကို ဆုံးရှုံး၍လည်း ဘာမှ မဖြစ်သည်တော့မဟုတ်။ သူမ မိဘနှစ်ပါး ဆုံးရှုံးသွားသည်နှင့် အမျှ တဖြည်းဖြည်း သူမ တဖြည်းဖြည်း ကျိုးဆတ်လွယ်လာသည်။ သူမမိသားစုကိုမူ ဆုံးရှုံးခြင်း၍ မဟုတ်ဆိုသည့် အချက်က ကျွန်တော်ကို ကျေနပ်စေသည်။

“နင်သူတို့ကို စိတ်ဝင်စားစရာ မကောင်းဘူးလို့ ထင်တယ် မဟုတ်လား”

ထိုသို့ ကောက်ချက်ချလိုက်သည်။ တကယ်၍ ကျွန်တော် စိတ်ဝင်စားသည့်အရာ တစ်ခု အကြောင်း ပြောရမည် ဆိုပါကလည်း မဆိုင်သလိုပင် ပြောမိမည် ဖြစ်သည်။

“. . . ငါ စိတ်မဝင်စားဘူး ဆိုတာထက် ငါတို့ အချင်းချင်း စိတ်မဝင်စားကြဘူး ဆိုရင် ပိုမှန်လိမ့်မယ်” သူ နှုတ်မှရေရွတ်လိုက်သည်။

“ငါ့မိဘတွေကို မမုန်းပါဘူး နင်သိလား Tsukimori မိသားစုကိုက သီးသန့်ရပ်တည်မှုကို ဦးစားပေးတာ ငါတို့က အချင်းချင်း မနှောင့်ယှက်ကြဘူး ဒါကြောင့်လည်း ငါက ဒီလို ခိုင်မာတဲ့ မိသားစုမှာ နေနိုင်တာပေါ့”

အတိတ်ကို ပြန်တွေးမိသလိုဖြင့် သူမမျက်လုံး အနည်းငယ်ကျဉ်းသွားသည်။

“ငယ်ငယ်ကတည်းက ငါဖာသာလုပ်နိုင်တာကို ငါလုပ်တယ်။ အမေလည်းပဲ အဖေမရှိလို့ ရပ်တည်လို့ရတယ်။ အဖေကတော့ ငါ့တို့အိမ်ကို ဘတ်ဂျတ်ဖြည့်ဆည်း ပေးနေတဲ့ လူတစ်ယောက် သာသာပဲ။ အိမ်တွင်းရေး ကိစ္စနဲ့ပတ်သတ်ပြီးလည်း ဘာမှ မနှောင်ယှက်ဘူး။ နင်ယုံချင်မှယုံလိမ့်မယ် ငါငယ်ငယ်တုံးကဆိုရင် ငါ့ကို မုန့်ဖိုးပေးတဲ့ သဘောကောင်းတဲ့ ဦးလေးကြီးလို့ပဲ ထင် ထားတာ”

သူမ အပြုံးမှာ ခပ်ယဲ့ယဲ့ပင်။

“နင်ပြောသလိုပဲ အမေကိုတားဖို့ ငါမကြိုးစားခဲ့ဘူး”

အားမရှိသည့်အပြုံးဖြင့် သူမမျက်လွာချလိုက်သည်။

“ငါ လူသတ်နည်းကို လက်ခံခဲ့တယ်ဆိုတာ အမေကလည်း သူ့အတွေးနဲ့သူဖာသာ သူထင်သလို လုပ်နေတာပဲလို့ တွေးခဲ့လို့ ။ ဒါပေမယ့် နင်ပြောသလို ငါတားခဲ့ရမှာလို့ ထင်တယ်”

သူမ ဖြူလျသောလက်ချောင်းများကို လက်ဝါးပေါ်တင်လျက် လက်သီးဆုပ်လိုက်သည်။

“ငါသာ တခြားမိသားစုမှာ ကြီးပြင်းလာရင် တခြားပုံစံနဲ့ တုံပြန်မှာပေါ့”

Tsukimori ခေါင်းမော့လိုက်သည်။

“ဒါပေမယ့်လည်း” ဟု အားနည်းသောအသံဖြင့်

“ငါကိုယ်တိုင်ကိုက ဒီလိုပဲ ကြီးပြင်းလာတာ ဆိုတော့လည်း”

သူမ မျက်လုံးမှာ အသက်ရှုမှားလောက်အောင် ကြည်လင်နေသည်။ ရိုးသားမှု နှင့် ခမ်းနားမှု နောက်ကွယ်တွင် နောင်တတရားဟူ၍ လုံးဝမတွေ့မိ။ ကျွန်တော် အမြင်အရ Tsukimori Youko သည် ကြံ့ခိုင်သည်။ တချိန်တည်းမှာပင် အထီးကျန်လွန်းနေသည်။ ထိအချိန်တွင် သူမ တံလျှပ်တစ်ခုလို လှပနေပြီး နှလုံးသားတွင် လိပ်ပြာတစ်ကောင် နားသွားသည်။

“နင် အထီးမကျန်ဘူးလား?”

သူမ ခေါင်းကိုခါ၍ ကျွန်တော်ကို ဖြေလိုက်သည်။ “ဟင်အင်း” သူမပြုံးသည်။ မည်သူကိုမျှ မမှီခိုခြင်းသည် အထီးကျန်သော ဘဝဟု မြင်စေသည်။ သူမ ကိုယ်တိုင် တခါမှ ဝန်မခံသော်လည်း

“အခုရော?” ကျွန်တော် မကျေနပ်သေး၍ ထပ်မေးလိုက်သည်။

“နင့်မိဘတွေ ဆုံးရှုံးသွားတာတောင် အထီးမကျန်ဘူးလား?”

ထိုဘဝမှာ အလွန်ပင် ခါသီးနာကျဉ်မည့် ဘဝဟု တွေးမိသည်။ ကျွန်တော် ဖာသာ တွေးနေခြင်း သာဖြစ်မည်။ Tsukmori တိတ်ဆိတ်စွာထိုင်နေခြင်းက ကျွန်တော် အမြင်တွင် အထီးကျန် ဆန်နေသလို။ ထိုနောက်တွင် သူမ အနည်းငယ်တုန်လှုပ်သည့် အပြုံးဖြင့် ညကောင်းကင်ကို ကြည့်လိုက်သည်။ လရိပ်က သူ့မ မျက်လုံးပေါ် ဖျာကျလျှက် တောက်ပသွားသည်။ သူမ ကျွန်တော် ထံကြည့်လိုက်ပြီး

“ငါ အထီးမကျန်ပါဘူး__”

အရင်လို စနောက်နေသည့် သူမ ပုံစံမှာလည်း ပျောက်ကွယ်။

“__ ဘာဖြစ်လို့လဲဆိုတော့ နင်ရှိနေတာကိုး Nonomiya-kun”

သူမ မျက်လုံးတွင်ရော နှုတ်ခမ်းတွင်ရော အပြုံးကို မတွေ့ရ ၊ တကယ်ပြောနေသည် ဖြစ်သည်။ သူမ အပြုံးကို ကွယ်ပျောက်စေသည့် ထူးခြားသည့် အခိုက်အတန့်။ နာရီစင်မှာ ၁၂ နာရီ ထိုးရန်နီးကပ် ၊ သူမတွင်လည်း မိဘနှစ်ပါးကို သတ်ရန် ပြင်းထန်သည့်ရည်ရွယ်ချက် ရှိပုံမရ။ အနည်းဆုံးတော့ ကျွန်တော် ရှာမတွေ့။ ကျွန်တော် စိတ်ထဲတွင် သူမသည် လူသတ်မှုလို ရူးသွပ်သည့်အရာမျိုးကို ကျုးလွန်သည်ဟု မထင်မိ။ သို့သော် သူမမိဘနှစ်ပါးမှာမူ မရှိတော့ပေ။

တိုးတိုးဖြင့်

“ငါဘယ်လို ပြောရမှန်း မသိတော့ဘူး”

မည်သည့်စကားများက သင့်လျော်သနည်း? ကျွန်တော် လက်ရန်းမှ ထလိုက်သည် ကျွန်တော် ဆက်၍မထိုင်နိုင်တော့ ။ ထိုနောက် သူမကို ချန်ထားလျှက် ပန်းခြံထဲသို့ လျှောက်သွားလေသည်။ ကျွန်တော် အတွေးမှာစီနေစဉ် ကမ္ဘာမြေကြီးနှင့် ကျွန်တော် ခြေလှမ်းများအကြား အသားကျမှုကို ခံစားရသည်။ ကျွန်တော် ခြေအစုံမှာ ချောက်ကမ်းပါးအစွန်းရှိ မြို့လေး၏ ရှုခင်းများအပေါ် ဦးတည်လျှက်။ နောက်ဆုံး ပန်းခြံနှင့် ချောက်ကမ်းပါး အကြားသို့ ရောက်လာသည်။ အကာအရံမှာ အစိမ်းရောင်ဖြစ်သော်လည်း သံချေးတက်နေပြီး ကျွန်တော် လက်မောင်းထက် အနည်းငယ် မြင့်သဖြင့် မှီ၍ကြည့်လိုက်သည်။ အပေါ်မှ အောက်သို့ ကျလျင် အချိန်မကြာလှဟု သတိထားမိသည်။ လက်ပိုက်လိုက်ပြီး မေးကိုတင်လိုက်၍ သံဇကာမှာ အနည်းငယ် အိကျသွားသည်။ မြို့ထဲကို လှမ်းကြည့်လိုက်သည်။ တမြို့လုံးတောက်ပနေသည့် အလင်းရောင်များကို မြင်လိုက်ရသည်။ မိုးကုပ်စက်ဝိုင်းနှင့်ဝေးကွာလျှက်။

ထိုညတွင် မြို့လေးကို ကြည့်ရင်း အတော်လေးပင် ခံစားမိသည်။ အရွယ်အစားသေးငယ်သော်လည်း အမြဲတမ်းလှုပ်ရှားနေသည်။ ညအခါပင်တွင် အနီရောင် ပြိုင်ကား တစီးဖြင့် ထိုလူမှာတော့ ဟိုမှသည် လျှောက်သွားနေပေလိမ့်မည်။ ချောကလက်ကြိုက်သူမှာလည်း အိပ်သေးပြီလား။ ရှဉ့်နှင့်တူသည့် ကောင်မလေးမှာလည်း အိပ်မက်ကမ္ဘာတွင် ပျော်ရွင်နေမည်ကတော့ အသေအချာပင်။ ကျွန်တော် သိသော လူများ၏ မျက်နာမှာ တဖြတ်ဖြတ်ပေါ်လာလေတော့သည်။

“ညို့ငင်ဖမ်းစားထားသလို မဖြစ်နေဘူးလား ငါနင့်ကို ဒါပြချင်နေတာ Nonomiya-kun”

ပြောရင်း နောက်မှ ပေါ်လာပြီး လိုက်ဖက်ညီစွာ ကျွန်တော် ဘေးတွင် မြို့လေး၏ ရှုခင်းကို ကြည့်ရှုနေတော့သည်။ သူမ လေတွင် တလွင့်လွင့်ဝဲပျံနေသေည့် သူမ ဆံပင်မှာ အေးစက်ခြင်းများနှင့် ဖုံးလွမ်းနေသည်။ ချမ်း၍ သူမကိုယ်သူမ ပိုက်ထားသည်။ ထိုမြင်ကွင်းကို မြင်၍ မိုးတွေရွာသော တနေ့ စိုရွဲနေသော အဝတ်အစားနှင့် ခိုက်ခိုက်တုန်နေသော သူမ ကို သတိရမိသည်။ ထိုနေ့တွင် ကျွန်တော် သူမကို လူတွေ အဘယ်ကြောင့် သတ်ခဲ့သနည်း ဟုသည့် မေးခွန်းကို မေးခဲ့သည်ကို မေ့၍ မရ။ အထူးသဖြင့် သူမ၏ အဖြေကိုလည်း ယခုတိုင် မှန်မိနေသေးသည်။ ထိုအဖြေကို ပြန်တွေးမိသည့် အခိုက်အတန့် ခန္ဒာကိုယ် တစ်ခုလုံး တုန်လှုန်သွားသည်။

” နောက်ဆုံးတော့ အဖြေကို ငါသိပြီ နင်ဘာလို့ သတ်တယ်ဆိုတာ!” ဟု တိုးတိုးပြောလိုက်သော်

သူမက အေးအေးဆေးဆေးပင် “အော်” ဟုသာ ဆိုလျက်

သူမသည် ကျွန်တော်၏ နံဘေး တွင် ရှိနေသည်ကို သတိထားမိပြီး ထိုနောက်

“နင်သတ်ချင်လို့သတ်တာ”

ကျွန်တော် ရယ်ပြီးပြောလိုက်သော အခါ သကြားလုံးရသော မိန်းမငယ်လေး တစ်ယောက်လို ပြုံးလျှက် “နင်အရမ်းတော်တာပဲ”။ ထိုနေ့တွင် သူမ ပြောခဲ့သည့် အတိုင်း”လုပ်ချင်လို့ လုပ်တာ” ဆိုသည့်အချက်ကပင် ယခု အကျိုးတရာများကို ဖြေရှင်းနိုင်မည့် အကြောင်းတရား။ ထိုမျှ ရူးကြောင်ကြောင်နိုင်သည့် အဖြေဖြစ်၍ ရယ်မိသည်။ မည်သူများက ထိုသို့ ယုံပေမည်နည်း။ နားလည်မှုသူမှာ ကျွန်တော်နှင့် Tsukimori Youko ပင်ရှိမည်။ သူမ ရုတ်တရက် အနားကပ်လာကာ

“. . .နင်ပြောသလိုသာ ဆိုရင် ငါအတော်ကို ဆိုးရွားတဲ့ မိန်းမတစ်ယောက်ပဲ”

ဟု ကျွန်တော်နားအနားကပ်၍ တိုးတိုးပြောသည်။

“မိဘတွေကို သတ် ၊ လူတွေကို လိမ် ၊ နင့်ကိုညာပြီး ဘာပူပင်သောကမှ မရှိပဲနေနေတာပဲ”

ထိုအခိုက် သူမ ပုဝါလေးမှာ လေသို့လွင်ပျံသွားပြိး မြေဝယ်ခလေသည်။

“ဒါပေမယ့် တချို့နေရာတွေမှာ လူတွေဟာ ဥပဒေတွေကို မလိုက်နာဘူးဆိုတဲ့ အချက်ကိုတော့ မငြင်းပယ်ပါဘူး ဘာမှ မချုပ်နှောင်ထားတဲ့ လူတွေ ၊ ယုံကြည်နိုင်စရာ မကောင်းလောက်အောင် လွတ်လပ်နေတဲ့လူတွေဟာ__”

ကျွန်တော်စကားရပ်လိုက်သည်။ သူမ စည်းရိုးကို အကြောက်အလန့်မရှိ ခုန်တက်လိုက်သဖြင့် သံဇကာမှာ ချောက်ကမ်းဘက်ကို သူမနှင့် အတူယိမ်းနွဲ့သွားသည်။

“__Nonomiya-kun နင်ဆုံးဖြတ်ပါ! နင်ငါ့ကို အပြစ်မပေးရင် ဆိုးရွားတဲ့မိန်းကလေး Tsukimori Youko ဟာ ကျန်ရစ်နေမျာပဲ”

အနားသတ်တွင် ထိုင်လျှက် မယုံကြည်နိုင်စရာ ကောင်းသည့် အပြုအမှုကို သူမ ပြုလုပ်လိုက်သည်။ သူမ ကိုယ်မှာ ချောက်ကမ်းပါးဆီသို့ ယိမ်းယိုင်လျှက်။ သူမ ဆံပင်မှာတော့ အဆုံးအစ မရှိသည့် အမှောင်ထုထဲ ဝဲပျံလျှက်။ သူမ သွယ်လျသော လက်မောင်းမျှသာ ထိန်းထားလေသည်။ သူမ၏ လှပကွေ့ဝိုက်သည့် လည်တိုင်မှာလည်း ကျွန်တော် မျက်လုံးထဲတွင် ကျော့ရှင်း သွယ်လျလျက်။

“နင် ငါအသက်ရှင်သင့် မရှင်သင့် ကို နင်ဆုံးဖြတ်ပါ ဟုတ်ပြီလား ?”

သူမ ရင်ဘတ်ကို အနည်းငယ်တွန်းလိုက်သည်နှင့် သူမ ချောက်ထဲပြုတ်ကျသွားမည်။

“. . .နင်ရူးနေလား? နင်ဘာတွေပြောနေတာလဲ?”

သူ စိတ်မှကောင်းသေးရဲ့လား မသိ။

“မသိဘူးလေ ငါဟာနင့်လို ထူးဆန်းတဲ့ လူတစ်ယောက်ကို ကြိုက်မိတာ ထူးဆန်းပေမယ့် ငါကိုယ်ငါတော့စိတ် မှန်တယ်ထင်တာပဲ။ ”

လရောင်ခြုံသည်ကို ကျေနပ်သည့်အလား သူမ မျက်လုံးကို ပိတ်လျက် တည်ငြိမ်အေးချမ်းသည့် အမူအရာဖြင့်။

“ငါအရင်ကတည်းက ငါရဲ့ဖူးစာဖက် အပေါ်မှာ အားလုံး ပေးဆပ်ဖို့ ဆုံးဖြတ်ခဲ့တယ် နင်ဒါကိုတော့ ယုံပါ”

အားလုံး ဆိုသည့်အထဲတွင် သူမ အသက်လည်း ပါဟန်တူသည်။

“. . .ငါ နင့်စိတ်အခြေအနေကို လုံးဝ နားမလည်နိုင်ဘူး ဖူးစာဖက်ဆိုတာ ဘယ်လိုလူလဲ?”

သူမ တုံပြန်ချက်ကတော့ တိုတိုရှင်းရှင်း

“ငါ့ရဲ့ မင်းသားလေး”

သူမ စကားများမှာ ပျော်ရွင်ချမ်းမြေ့ဟန် အပြုံးများ ခြံရံလျှက်။ လုံးဝကြောက်လန့်ခြင်း အလျင်းမရှိသည့် သူမ မျက်နာကို ကြည့်ခြင်းဖြင့် သူမ အတည်ပြောနေသည်ဟု ယူဆရသည်။ စိတ်ထဲ ရုတ်တရက် Konan ပြောပြဖူးသော သူမ အမေ၏ နောက်ဆုံးသွင်ပြင် က ရုတ်တရက်ပေါ်လာသည်။ ကျောရိုးတစ်လျောက် ကြက်သီးတဖြန်းဖြန်းထမိသည်။ ကျွန်တော် အလွန်ထူးခြားသည့် အခြေအနေဟုယူဆမိသည်။ Tsukimori Youko ၏ အလောင်းသည် ခရမ်းရောင် ပန်းခြုံများဖြင့် ခြံရံနေပါက အင်မတန်ပင် မူးမေ့သွားမည်အထိ ထူးခြားလှပနေလိမ့်မည် ဟု စိတ်ကူးယဉ်မိသည်။ ကျွန်တော် တံတွေးကို မြိုချလိုက်ပြီး စိတ်ကို ဖျောက်လိုက်သည်။ သတိမထားမိခင်မှာပဲ ကျွန်တော်လက်မှာ သူမ ရင်ဘတ်ပေါ်သို့။

ကျွန်တော်၏ လက်ချောင်းများမှာ သူမရင်ဘတ်ပေါ်သို့။ သူမ ဂါဝန်ကို ဆွဲ့ဆန့်လျှက် သက်ပြင်းတို ချလိုက်သည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သွေးများပင် ဆူနေသည်။ ဘယ်လောက်တောင် ချိုမြိန်သည့် သွေးဆောင်ဖြားယောင်မူပေနည်း။ နောက်တစ်ချက် အားစိုက်လိုက်၍ဖြင့် Tsukimori Youko ၏ အသက်ကို ဆုံးဖြတ်ချက်ချနိင်တော့မည်။ သူမ အဖြူရောင်ဝမ်းဆက် ဝတ်စုံ ဖြင့် အသုဘအခမ်းအနားကို မျက်လုံးထဲ မြင်ယောင်မိသည်။ သူမအနေဖြင့် လိုအပ်သည်များကို အကုန်ပြင်ဆင်ပြီးဟန်။ ကျွန်တော်အနေဖြင့် “မိဘနှစ်ပါးနောက်ကိုလိုက်သွားသည့် ကောင်မလေး” ဟုသည့် ဇာတ်လမ်းတစ်ခုကို ဖန်တီးသည်ဟု သံသယရှိမိသည်။ တနည်းအားဖြင့် သူမကို တွန်းချပါက မည်သူမျှ အပြစ်တင်မည် မဟုတ်။ သူမမှာလည်း ကျွန်တော်ကို မင်းသားလေးဟု ခေါ်လေသည်။ အကယ်၍ မင်းသားလေးသာဖြစ်ပါက မင်းသမီးလေးကို အချုပ်နှောင်ခံထားရသည့် Tsukimori ဟူသည့် ရဲတိုက်ထဲမှာ လွတ်မြောက်အောင် လုပ်ပေးရန် တာဝန်ရှိသည်။ နင်မျှော်လင့်သော်လည်း ငါမစွမ်းဆောင်နိုင်ခဲ့ခြင်းကို တောင်းပန်ပါ၏။ သို့သော် အားနာစရာက ငါက မင်းသားလေး မဟုတ်ပါ ၊သာမန် ရွာသား တစ်ယောက်သာဖြစ်သည်။ ထိုနေရာမှာသာ ကျွန်တော်နှင့်အလိုက်ဖက်ဆုံးဖြစ်သည်။

ကျွန်တော် ရင်ဘတ်ကို ဆန့်ကျင်၍ နှလုံးခုန်နေသည်။ အသက်ရှုသံများ အနည်းငယ်ကြမ်းတမ်းလာသည်။ အသက်ကိုဝအောင် ရှုပြီးနောက် အံကို ကြိတ်လိုက်သည်။ ကျွန်တော် အသုဘဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးဆီသို့ ကျွန်တော် တဖြည်းဖြည်းလှမ်းလိုက်ပြီး — ကျွန်တော်လက်ကို သူမ ကျောနောက်သို့သွင်းလိုက်ကာ ကျွန်တော်ဘက်သို့ အားကုန်ဆွဲချလိုက်သည်။ အားလွန်သွားပြီး သူမကို ပိုက်လျှက်သား ကျွန်တော် နောက်သို့လန်ကျသည်။ ခါးအတော်လေး အီသွားစဉ် ကျွန်တော် အပေါ်မှ ထိုင်လျက် သူမ

“. . . မမေ့ပါနဲ့ ” ဟု သူမ ရင်ဘတ်သို့ လက်တင်လိုက်ပြီး

“ဒါက နင်ကယ်လိုက်တဲ့ အသက်ဆိုတာ”

နင် ပါပီလေးကို ကောက်ယူမွေးစားလိုက်တယ် ဒါကြောင့် တာဝန်ယူပြီး ကြည့်ရှုစောင့်ရှောက်ရမယ် ဟုသည် အမေအရင်တုံးမှ ပြောဖူးသည့်စကားက နားထဲတွင် ရိုက်ခတ်လာသည်။ ကျွန်တော် ဘယ်တုံးက ထိုသို့ သနားတက်သည့် လူတစ်ယောက် ဖြစ်ခဲ့သနည်း?

“. . . နင်ငါ့ကိုစမ်းတာလား?”

“မပူပါနဲ့ ငါ့ကိုယ်ငါယုံပါတယ် နင်ငါ့ကို ကယ်တဲ့အတွက် နောင်တမရစေရပါဘူး”

သူ စိတ်အားတက်ကြွစွ သူမလက်သီးကို ဆုပ်လျှက်။ ချစ်စရာကောင်းသော သူမ အပြုံးက ကျွန်တော်၏ ရွေးချယ်မှုကို အစကတည်းကပင် ကြိုသိနေပုံ။ ကျွန်တော် မျက်နာကိုရွဲ့၍

“ငါ နောင်တရတာ ကြာပြီ”

—နင်နဲ့တွေ့ခဲ့တာ

“ဆောရီး ငါ့အပေါ်က ဆင်းနိုင်မလား?”

သူမ အကြောက်အလန့်မရှိ ကျွန်တော် ခါးပေါ်တွင် တက်နိုင်နေသည်။ ယခု သူမ၏ မဆင်မခြင် အပြုအမှုကို တခုခု ဆုံးမချင်သည်။ သို့သော် သူမမှာ အပေါ်မှ ဆင်းမည့် အလားအလာ မရှိ။ သူမ ဒူးကိုထောက်၍ ကျွန်တော် ဆီသို့ ညွတ်လိုက်ပြီး ကျွန်တော် ခေါင်းနံလေးတွင် လက်နှစ်ဖက် ထောက်လျှက် စကားစပြောလေသည်။ ကျွန်တော် အပေါ်မှ သူမ ကျွန်တော် မျက်လုံးကို ကြည့်လျှက်

“နင်ဘာလုပ်မှာလဲ နင်ဘာလုပ်ချင်တာလဲ နင် ဒီစာရွက်နဲ့ပတ်သတ်ပြီး ငါပြောခဲ့တာတွေ့ ရဲတိုင်မှာလား ?”

သူမ နှုတ်ခမ်းမှ စကားများဖွဲ့ဖောင်လာသလို ကျွန်တော် ဆံပင်များကိုလည်း သူမအသက်ရှုနွေးနွေးလေးမှ ရိုက်ခတ်။

“နင်လုပ်ချင်တာသာလုပ် ငါမတားပါဘူး!”

ကြည့်ရသည်မှာ သူမ ကျွန်တော်ကို စိန်ခေါ်နေသည်တော့မဟုတ်။ သူမ မျက်နာအနေအထားမှာ ထုံးစံအတိုင်း ပျော့ပြောင်းနေပြီး အသံမှာလည်း လိုလိုလားလားပင်။

“နင် အတော်သတ္တိရှိတယ်နော် မဟုတ်ဘူးလား?”

ကျွန်တော် အောက်မှ မကျေမနပ်ကြည့်လိုက်သည်။

“နင်ရဲတွေကိုပါ လှည့်စားနိုင်မယ်လို့ ယုံကြည့်လို့လား ဒါမှမဟုတ် ငါ့ကို အထင်သေးလို့လား?”

“နှစ်ခုလုံးမှားတယ်!” ဟု သူမ ဆံပင်ကို နူးညံ့စွာခါလိုက်သည်။

“ငါဖြူစင်တယ်ဆိုတာ တခြားလူတွေထက် ငါအသိဆုံး”

သူမမှာ အေးအေးဆေးဆေးပင်။

“တခုမေးကြည့်ရအောင် . . . တကယ်လို့ လူသတ်မှုလို့ထင်ချင်စရာ ကောင်းတဲ့ ကိစ္စကို ငါက ကံဆိုးမှုတွေ ထုံလွမ်းထားတဲ့ မတော်တဆမှု သက်သက်လို့ ပြောရင် နင်ယုံနိုင်မလား?”

ဆံနွယ်မျာ ခွေကျလားပြီး ညလေပြေနှင့်အတူ ယိမ်းနွဲ့လျက် ကျွန်တော် နှာခေါင်းကို ဆော့ကစားနေသလို။

“. . . မဖြစ်နိုင်တာ!”

အဘယ်ကြောင့်ဆိုသော် Tsukimori မှာ ပြီးပြည့်စုံအောင် အေးဆေးနေသည့် အနေအထားဖြင့်။ ကျွန်တော် တချက် တုံ့ဆိုင်းမိသည်။

“တွေ့လား? နင်ငါ့ကိုမှ မယုံတာ ဒီတော့ နင်လုပ်ချင်တာ ငါပေးလုပ်ပါ့မယ်”

ထိုနောက် အပြုံးဖျော့ဖျော့ဖြင့်သူမ လှမ်းပြုံးလိုက်သည်။

“ဒါပေမယ့် ငါ့အတွက် အမှန်တရားဆိုတာ တစ်ခုထဲရှိတယ်လို့ မှတ်ထားပေးပါ”

မုသားကို ထိုမျှ ဖြူစင်စွာ ရယ်မောရင်း ပြောနိုင်သည်လော? ကျွန်တော် မသိတော့ချေ။

“ပြီးတော့ နင်ဟာ ငါရွေးချယ်တဲ့ သူပဲ ဒီတော့ နင့်လေးစားမူကို လက်ခံတာ မထူးဆန်ပါဘူး တကယ်လို့ ငါမျှော်လင့်တာနဲ့ ဝေးကွာနေရင်တောင်”

“ရွေးချယ်?” ဟု ကျွန်တော် သံသယဖြင့်ရေရွတ်မိသည်။

ဒီတစ်ခေါက်တွင်တော့ “ဖူးစာဖက်” ဟုသည့် ကံကို အခြေခံသည့်စကားကို မသုံးပဲ “ရွေးချယ်” ဆိုသည့် စကားကို အသုံးပြုထားခြင်းက ကွဲပြားခြားနားသည်။ ထိုအချက်သည် “ယုံကြည်” ဟု၍ အစောပိုင်း သူမ ပြောခံသည့် စကားနှင့်ပတ်သတ်နေလိမ့်မည်။

“နင်မှားနေတဲ့အချက် တစ်ခုရှိတယ် Nonomiya-kun”

“ဘာကိုပြောချင်တာလဲ?”

“နင့်မှာ ဒီစာရွက်ရှိတယ်ဆိုတာ တိုက်ဆိုင်မှု မဟုတ်ဘူး”

“. . . . . . . . .အမ်?”

ကျွန်တော် အံဩစွာဖြင့် မှင်တက်မိသည်။

“နင်ပထမဆုံး ဒီစာရွက်ရှာတွေ့တဲ့နေ့ကို သတိရကြည့်လိုက်”

ခေါင်းထဲတွင် ဝေဝေဝါးဝါး တည်ရှိနေသေးသည်။ ကျောင်းဆင်းချိန်တွင် ဖြစ်သည်။ ကျွန်တော် သူမစာအုပ်ထဲမှ ထိုစာရွက်ကိုတွေ့ရှိခဲ့သည်။ သူမ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည့် ထိုအရာ။ သူမ ရုတ်တရက် တခစ်ခစ် ရယ်လျှက်။

“ငါက အရမ်း ဉာဏ်ကောင်းတဲ့လူနော် ငါက ဒီလို ပြောရင် မဟုတ်နိုင်ပါ့မလား? ငါလိုလူမျိုးက__”

သူမ မျက်နာမှာ ကျွန်တော်မှတ်ဉာဏ်ထဲမှ သိမ်းထားသည့် ပုံစံအတိုင်း ၊ ရက်စက်ခိုင်မာသည့် အသွင်အပြင်ဖြစ်သော်လည်း ထူးခြားစွာ လှပနေသည်။

“__ဒီလောက်အရေးကြီးတဲ့ လူသတ်နည်းကို အပျောက်ခံပါ့မလား?”

မဖြစ်နိုင်။ ထိုမျှ တွေး၍မရသော အမှားက သူမအနေဖြင့်ဆို မဖြစ်နိုင်။ သူမသည် ကျွန်တော် သိသသည့်အထဲတွင် ကမ္ဘာပေါ်တွင် လုံးဝ အပြီးပြည့်စုံဆုံး လူသားတစ်ဦး။ ထိုနေ့က အတန်း ခေါင်းဆောင် ပုံမှန်အစည်းအဝေးတက်ရသည်။ ယောက်ျားလေး ခေါင်းဆောင်မှာ ကျွန်တော်။ မိန်းကလေးခေါင်းဆောင်မှာ မည်သူနည်း? ကျွန်တော် မျက်လုံးရှေ့ရှိ တစ်ယောက်။ ယခု ပြန်တွေးမိသော် အစည်းအဝေးပြီးသည်နှင့် သူမ အခန်းထဲသို့ သုတ်သုတ် ပြန်သွားသည်ကို သတိရမိသည်။ အချိန်ဆွဲ၍ လူသတ်နည်းကို လက်ထဲ မတော်တဆ ရသွားသည့်ဟန် ဖြစ်အောင် သူမ ကြံစည်ထားသည် ဟု ယူဆရသည်။

ထိုအချက်ကို အဘယ်ကြောင့် သတိမထားမိသနည်း? သူမ ထိုစာရွက်ကို ရှာနေသည်က သရုပ်ဆောင်မှု သက်သက်သာဖြစ်ပြီး ကျွန်တော်ကသာ “မတော်တဆ” ဟု ထင်မိခြင်း ဖြစ်နေသည်။ အစကတည်းက သူမ အကွက်ထဲဝင်နေခြင်း သက်သက်သာ။ ထိုလက်မခံချင်စရာ အမှန်တရား ကအသက်ရှုကျပ်စေသည်။ အံဩလွန်းသဖြင့် အသံတောင်မထွက်နိုင်။ Tsukimori တခစ်ခစ်ရယ်ပြီး ကျွန်တော်ကို လွတ်ပေးလိုက်သည်။

“ငါဖြစ်ချင်သလို မဖြစ်နိုင်တာမရှိဘူး ငါလိုချင်တာကို မရနိုင်တာ မရှိဘူး။ ငါလိုချင်ရင် ဖြစ်တာချည်းပဲ”

ပုံမှန်အားဖြင့်ဆိုလျှင် ထိုစကားသည့် ဘဝင်မြင့်နေသော ပုံပေါက်သော်လည်း Tsukimori Youko အတွက်ဆိုလျှင် ဖြစ်နိုင်ပေသည်။

“နင်လောကကြီးကို ပျင်းစရာကောင်းတယ်လို့ မထင်ဘူးလား? ဒီလိုဘဝကြီးမှာ ဖြတ်သန်းလို့ ဘာအဓိပ္ပါယ်ရှိမှာလဲ?”

သူမ ပုဝါဆီသို့ လျောက်သွားလေသည်။

“အထဲမှာ ဘာရှိနေလဲဆိုတာ သိရင် ပစ္စုပ္ပန်ဟာ ရင်ခုန်စရာ မကောင်းတော့ဘူး”

ပုခုံးကို အနည်းငယ်မျှ ကွေးညွတ်ပြီး

“ဒါပေမယ့် လူတိုင်းသဘောကျတဲ့ Tsukimori Youko ဆိုတာကို တော့ ငြင်းပယ်ချင်တာ မဟုတ်ဘူး။ စံပြကျောင်းသူတစ်ယောက် အနေနဲ့ နေရတယ်ဆိုတာ မဆိုးဘူးလေ”

သူမ ပုဝါကို လှမ်းကောက်ပြီးနော် ပုခုံးတွင် ပတ်လိုက်သည်။ ကျွန်တော် ဆီသို့ လှမ်းလာပြီး လဲနေသော ကျွန်တော် ခေါင်းအနားတွင်ရပ်လိုက်သည်။ သူမအရိပ်မှာ ကျွန်တော်သို့ ကျလာပြီး စိတ်ထဲတွင်တော့ လမင်းကို တိမ်ဖုံးသလို။ တကယ်တော့ သူမကျွန်တော်ကို ထူပေးနေခြင်း။

“ငါဘာလို့ နင်ဆီမှာ ယုံယုံကြည်ကြည်နဲ့ ဒီစာရွက်ကို ပေးလိုက်လဲ သိလား Nonomiya-kun”

သူမ ထိုသို့ ပြောသည့်အခါ အတော်လေးပင် စိတ်ကသိကအောက်ဖြစ်စရာ ကောင်းသည့်အချက်။ အဖြေကလည်း ကောင်းမည်မဟုတ်။

“ဘာဖြစ်လို့လဲ ဆိုတော့ ငါတွေ့တဲ့လူထဲမှာ နင်ဟာ ပျင်းဖို့အကောင်းဆုံး လူတစ်ယောက်ပဲ!”

သူမ အနေနဲ့ သဘောကျစရာ ကောင်းသည့်အရာတစ်ခုကို တွေ့လိုက်သလို ပြောလိုက်သည်။ ကျွန်တော် အကြည့်ကို ရှောင်လွဲလိုက်သည်။ သူမ ထင်သည့်အတိုင်း ကျွန်တော်က လောကကြီးကို ပျင်းစရာကောင်းသည်ဟု ထင်နေသည်။ ကျွန်တော် စိတ်ကူးစိတ်သန်းများကသာ ကျွန်တော်ကို အပျင်းပြေစေသည်။ ထိုကြောင့် လူသတ်နည်းကို ယူ၍ မတ်တပ်ရပ်လိုက်သည်။

“နင်ဟာ ငါ့အကြိုက်ပဲ နင်နဲ့စကားပြောရတာကိုတာ စိတ်လှုပ်ရှားဖို့ကောင်းတယ် Nonomiya-kun နင့်ငါ့ဘဝကို ဝင်လာကတည်းက နေတိုင်းဟာ အသည်းယားဖို့ကောင်းတယ် တခြားလူတွေနဲ့ရှိနေတာထက်ကို ပိုရင်ခုန်တယ် ဒါကြောင့် နင်ဟာ ငါ့ဖူးစာဖက်လို့ သတိထားမိတာ ဒါကြောင့် နင့်ကို ရူးသွပ်ဖို့ဆိုတာလည်း လွယ်လွယ်လေးပဲ”

ဒီတော့ အားလုံးမှာ သူမအကြံအတိုင်းပင် ကျွန်တော်မှာတော့ ရုပ်သေးရုပ်လို အရူးဖြစ်ခဲ့ရုံသက်သက်။ ထို ငါးစာနှင့်တူသည့် လူသတ်နည်းစာရွက်ကို ယူ၍ စည်းရိုးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ သူမ ကျွန်တော် နောက်မှ ခပ်သွက်သွက်လိုက်လာသည့် ခြေသံကိုလည်း ကြားလိုက်ရသည်။

“. . . အား!”

စည်ရိုးသို့ တခုခုရိုက်ခတ်၍ အသံမြည်သွားသည်။ သူမ ဘောင်ကို ဆုပ်ကိုင်လိုက်ပြီး ကျွန်တော်ဘေးရှိ အမှောင်ထုအောက်ခြေကို ကြည့်နေကာ စည်းရိုးကိုမှီလျှက်။ သူမ မည်သို့မျှ မတက်နိုင်သည့် နောက်တွင်တော့ မတ်လိုက်ပြီး ကျွန်တော်ဘက်သို့ လှည့်လိုက်သည်။

“. . . နောင်တမရဘူးလား?”

ကျွန်တော် ညာလက်ကို စည်းရိုးကို ကျော်၍ မြောက်လိုက်သည်။ စက္ကူ လေယာဉ်ပျံလေးမှာ အမှောင်ထုထဲသို့ ဝဲပျံသွားလေတော့သည်။ လေယာဉ်ပျံလေးမှာ တနေနေရာတွင် တင်နေ တော့မည်။ ရာသီဥတုဒဏ်ခံရပြီးနောက် နောက်ဆုံးတွင် ဖုန်မှုန်များ ဖြစ်သွားလေတော့မည်။

“ရတယ် ဒါ ငါ့အတွက်မလိုတော့ဘူး”

ကျွန်တော်လည်း တူတူပင်။ ကျွန်တော်သည်လည်း တရားမျှတမှု အတွက် အမှန်တရားကို ရှာဖွေခြင်းမဟုတ်။

“အား နင်နောက်ဆုံးတော့ ငါအပြစ်မရှိဘူးဆိုတာ ယုံပြီလား?”

ပြုံးနေသော သူမဘက်လှည့်ကာ အေးစက်စက်ဖြင့်

“နင်နာကြားများမှားနေလား? ငါနင့်ကို အခုထက်ထိ မယုံသေးဘူး!”

သူမ မယုံသလိုဖြင့် မျက်လုံးများ ကျဉ်းမြောင်းသွားလျှက်။

“နင်အဓိပ္ပါယ်မှမရှိတာ ဒါဆို ဘာလို့ ပစ်လိုက်တာလဲ?”

“ဘယ်သူကများ ဒီလို ရူးကြောင်ကြောင် ပုံပြင်ကို ယုံမှာလဲ တကယ်လို့ နင်မိဘတွေကို သတ်လိုက်တယ်လို့ ရဲတွေက မေးရင် ငါဘယ်လို ဖြေရမှာလဲ အား သူဖာသာသူ သတ်ချင်လို့ လို့ ပြောရမှာလား?”

သူမ အကြောင်းမသိလျှင်တော့ သူမရည်ရွယ်ချက်ကို သိနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ Tsukimori Youko ၏ အတွင်းသရုပ်မှန်ကို မင်ြရပြီးနောက် ထိုအချက်ကို ခေါင်းမညိတ် နိုင်သည်မှာ ကျွန်တော် တစ်ယောက်ပင်ရှိလိမ့်မည်။

“ဒါပေမယ့် နောက်တမျိုးလုပ်လို့ရနိုင်တာပဲ ဒါက နင့်ရဲ့အဖြေပဲလေ သူတို့ယုံတာ မယုံတာ အသာထားပေါ့”

သူမ စနောက်လိုသည့် လေသံဖြင့်။

“ထားလိုက်တော့ ငါအရှက်ကွဲတာပဲ အဖက်တင်လိမ့်မယ်”

ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။ ဝှက်ဖဲဖြစ်သော လူသတ်နည်းစာရွက်ကို စွန့်လွတ်လိုက်ချိန်မှ စ၍ ကျွန်တော် ရှုံးသည်။ နောက်ဆုံးတွင်တော့ လူသတ်နည်းစာရွက် ဆိုသည်မှာ စာရွက်စုတ်သာ ဖြစ်တော့သည် ဟု၍ ထင်မိသည်။ သူမ အနေနဲ့ ဒီဘာမှမဟုတ်သည့်စာရွက်ကို တန်ဖိုးထားအောင် သင်ပေးခဲ့သည်။

ထိုအချိန်မှစ၍ သူမအသားစီးရမှု မှ ကျွန်တော် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထူးခြားလှသည် ကျွန်တော် ပုံမှန်မဟုတ်သည့် ထိန်းချုပ်ထားသည့်ခံစားမှုများ ထွက်ပေါ်လာသည်။ သူမ အဆိုအရ သူမ ကျွန်တော်ကို ထိုစာရွက်ပေးရခြင်းမှာ ကျွန်တော်ဘဝက အခြားသူများထက်စာလျှင် ပျင်းစရာကောင်းသောကြောင့်။ သူမအနေဖြင့် ကျွန်တော်သည် ထိုစာရွက်ကို စိတ်ဝင်စားမည်ဟု ကောင်းကောင်းသိနေသည်။ တကယ်လည်း ငြင်း၍မရအောင် စိတ်ဝင်စားခဲ့ပြီး သူမ၏ နေ့စဉ်ဘဝထဲမှာ စိတ်လှုပ်ရှားစရာ ကောင်းလာတော့သည်။ ထိုအချက်ကြောင့် ကျွန်တော်တို့ စိတ်ဝင်စားမှုများ သွားတိုက်ဆိုင်ခြင်းသာဖြစ်သည်။ သို့သော် ထိုကြောင့် အခြား နောက်တစ်မျိုးစဉ်စားမိလိုက်သည်။

သူမ အနေဖြင့် လူသတ်နည်းစာရွက်၏ လွမ်းမိုးခြင်းခံရသည် ဟု စိတ်ထဲထင်မိသည်။ သူမ တုန်လှုပ်ခဲ့သည်။ ထိုစာရွက်ကို ရှာတွေ့ပြီးနောက် သူမ အမေ၏ လူမထင်ထားသော စိတ်ကူးမှာ သူမကို ကောင်းကောင်းအနှောင်အယှက်ပေးလိမ့်မည်။ ထိုအခြေအနေမှာ သူမ မည်သို့ လုပ်ရမှန်းမသိချိန်မှာ ကျွန်တော် ဆီသို့ ထိုအရာကို ယုံယုံကြည်ကြည့် ထိုးထည့်ပေးလိုက်သည့် သဘော။

ထိုအချက်သည် အကူအညီတောင်းသည် ဟု၍ ပြော၍ မရနိုင်ပေ။ ဖြစ်နိုင်သည်က အချက်အလက် ဝေမျှခြင်း သက်သက်ပင်။ သူမ အနေဖြင့် တယောက်ယောက်ကို သိစေချင်ပုံရသည်။ ထိုအကြောင်းအရာ သည် တစ်ယောက်တည်းသိထားရန် သိပ်ကို လေးလံလွန်းလှသည်။ ကျွန်တော် အနေဖြင့် အတွေးလွန်သွားခြင်း ပင်ဖြစ်မည် သို့သော် ကျွန်တော် စိတ်ကို ကျွန်တော် မထိန်းချုပ်နိုင်သည်ကိုတော့ မည်သို့မျှ မတက်နိုင်ခဲ့။ ကျွန်တော်၏ သောကများသည် စက္ကန့်ပိုင်းအတွင်း ပျောက်ဆုံးသွားသည်။

Tsukimori Youko သည် ပြီးပြည့်စုံသည်ဟု ဂုဏ်ယူနေသော မိန်းကလေးမှာ ကျွန်တော်ကို အကူအညီမဲ့မိန်းကလေး တစ်ယောက်လို မှီခိုနေခြင်းက ပုံမှန်ထက် ရင်ခုန်ဖွယ်ရာကောင်းသည်။ ကျွန်တော်တို့ ချစ်ခင်နှစ်ဖွယ်ကောင်းသည် မဟုတ်ကြ သို့သော် ရင်ခုန်ဖွယ်ရာ။ ကျွန်တော် သူမ အနောက်ဖက်ရှိ နာရီစင်မှာ ဂဏန်းများကို ကြည့်မိလိုက်သည်။

“သန်းခေါင်ကျော်ပြီပဲ?”

ဟု တီတိုးရေရွတ်လိုက်စဉ် သူမ ရုတ်တရက် လှည့်လိုက်၍ သူမ ဂါဝန်မှာ လှပစွာ ဝေ့ဝိုက်သွားသည်။ နာရီလက်တံမှာ သန်းခေါင်ကို ကျော်ခဲ့သည် မှာ အတော်လေးကြာသွားပြီ။

“ငါလန့်သွားတာပဲ ဘာလို့ ဒီလောက် အရေးကြီးတာကို မေ့သွားတာလဲ မသိဘူး?”

အတော်တော့ထူးဆန်းသည် ၊ သူမ စိတ်ပျက်သွားပုံ။

“တကယ်တော့ ဒီနေ့ငါ့မွေးနေ့! ငါ ၁၂ နာရီထိုးရင် လုပ်ဖို့ ကြံထားတာတွေ သွားပါပြီ ”

“မွေးနေ့မင်္ဂလာ ဖြစ်ပါစေ” ဟု သူမ ပေါက်ကရ လိုအင်ဆန္ဒများ မတောင်းဆိုမှီ ကျွန်တော် ဆုတောင်းပေးလိုက်သည်။ သူမ ဆံပင်ကို ပြန်စည်း ၊ အဝတ်အစားကို အချိုးကျအောင် လုပ်ပြီးနောက် ကျွန်တော ဖက်ပြန်လှည့်ကာ မျက်နာတစ်ခုလုံး ဝင်းလက်အောင် ပြုံးလျှက်။

“Nonomiya-kun နင်သိလား နေ့ကပြောင်းသွားပြီ ဒီတော့ ငါမွေးနေ့ဆိုတော့ . . . ”

“အေးလေ ငါဆုတောင်းပေးတယ်လေ မကြားဘူးလား?”

“ကြားတယ်လေ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ငါက စကားသက်သက်ပဲ ကြားချင်တာ မဟုတ်ဘူး ဒါ့အပြင် __ ”

“ဟင့်အင်း”

“ငါတောင် ဘာမှမပြောရသေးဘူး Nonomiya-kun ငါပြောတာ ဆုံးအောင်နားထောင်ပါဦး”

“တစ်ခုမှတ်ထား Tsukimori ငါက အကျိုးမရှိမယ့်ဟာကို နာခံရလောက်အောင် စိတ်ကောင်းရှိတဲ့ကောင်မဟုတ်ဘူး”

“မပူပါနဲ့ ! ငါနင့်ကို ဘာတန်ဖိုးကြီးလက်ဆောင်မှ မဝယ်ခိုင်းပါဘူး အင်း လက်ဆောင်တော့လက်ဆောင်ပဲ အမှတ်တရ သိမ်းထားလို့ ရမယ် ဟာမျိုးပေါ့”

ဟုပြောပြီး သူ့ဖုန်းကို ထုတ်၍ ကျွန်တော် ကို လှမ်းပေးလိုက်သည်။

“ငါတို့နှစ်ယောက် ဓာတ်ပုံ ရိုက်ချင်တယ်”

“. . . ငါဓာတ်ပုံရိုက်ရတာ မကြိုက်ဘူးဆိုတာ နင်သိရဲ့သားနဲ့?”

“နင်မကြိုက်ဘူးလား?”

သူမ မသိချင်ယောင်ဆောင်လိုက်သည်။ Usami လည်း ဓာတ်ပုံ တစ်ခါရိုက်ရန် ပြေားဖူးသေးသည်။ Tsukimori မသိစရာ အကြောင်းမရှိ။

“လုပ်ပါဟာ ဒါကို ဖြည့်ဆည်းပေးမယ်ဆိုရင် တခြားဘာကိုမှ မတောင်းဆိုပါဘူး တစ်နှစ်မှ တစ်ရက်ထဲဟာကို ”

သူမ အသနားခံသည့် လေသံဖြင့် ပြောနေချိန်တွင် ကျွန်တော် လက်မောင်းကို လက်နှစ်ဖက်ဖြင့် ဆွဲထားသေးသည်။ သူမကတော့ မရအရ ရအောင် လုပ်မည့်ပုံ။

“. . .အေးပါ! ဒါပေမယ့် တစ်ပုံထဲနော် ကြားလား”

ကျွန်တော် မြန်မြန်ပင် တုံ့ပြန်လိုက်သည်။ တဇွတ်ထိုး သူမကို ဆန့်ကျင်ရန် အတော်ပင် အာပေါက်အောင် မပြောချင်တော့။

“ကျေးဇူးပါပဲ!” ဟု လက်ခုပ်တီးပြီး ပျော်နေပုံ။

“နာရီစင်ရှေ့မှာ ရိုက်ရအောင်!” ဟု ပြောပြီး ကျွန်တော် လက်မောင်းကို ဆွဲ၍ လျောက်သွားသည်။

နာရီစင်မှာ လူသုံးပြန်စာခန့်ရှိပြီး အဖြူရောင်ဆေးများ ချယ်သထားသည်။

“အင်း ဘယ်နားဆို ကောင်းမလဲ . . . ? ”

သူမ ဓာတ်ပုံကို ဘယ်မှာ ရိုက်လဲ မဆုံးဖြတ်တက်တော့ပုံ။ ကျွန်တော် မှ ဘယ်နေရာဖြစ်ဖြစ် အရေးမကြီးကြောင်းပြောသောအခါ အပြစ်တင်ဟန်ဖြင့် သူမတွင်တစ်ပုံသာ ရိုက်ခွင့်ရှိကြောင်း ပြောလေသည်။ ဆက်ပြီး ဓာတ်ပုံအများကြီး ရိုက်ခွင့်ပေးသင့်ကြောင်း ပြောလာသဖြင့် မသိချင်ယောင်ဆောင်ကာ နံရံကို မှီလျှက် သူမ ရွေးပြီးသည့် အချိန်ကိုသာ စောင့်နေတော့သည်။ ကျွန်တော် အနေနဲ့တော့ နေရာတစ်ခု နှင့် အခြားနေရာတစ်ခု ဘာများကွာလေသည်ကို အသေအချာပင် မခံစားရမိ ၊ သို့သော် သူမမှာ တစ်ခုချင်း စိစစ်နေသည်။

“အင်း ဒီမှာ ကြည့်ရတာ ဒီနေရာ အကောင်းဆုံးပဲ ထင်တယ်”

“လာလေ” ဟု သူမ လက်ပြလိုက်သည်။ ကျွန်တော် သူမ ဘေးတွင် ရပ်လိုက်သည်။

ထိုနောက် သူမ တခါမှပင်မကပ်ဘူးသည့် အလား ကျွန်တော်အနားကို ပူးကပ်လာသည်။ ပါးလွာသော အဝတ်အစားနှင့် ထိတွေ့လိုက်သည့်နှင့်အမျှ သူမအဝတ်မဟုတ်သည့် အရာများကို ခံစားသိရှိရသည်။

“ဒီလိုမှမဟုတ်ရင် ဘောင်ထဲမှာ မဝင်ဘူးလေ”

ဟု ကျွန်တော် မည်သည့်မှ မကန့်ကွက်ရသေးခင်ပင် သူမ ဖုန်းကိုင်ထားသည့်လက်ကို ဆွဲဆန့်လိုက်ပြီး ဦးအောင်ပြောလိုက်သည်။ ကျွန်တော် လက်မှာ သူမထက် ပိုရှည်သဖြင့် ကျွန်တော် ရိုက်သည်က ပို၍သင့်တော်မည်ဟု ထင်သောကြောင့် သူမဖုန်းကို လှမ်းယူလိုက်သည်။ ကျွန်တော် မည်သည့် ခလုတ်ကို နှိပ်ရမည်ကို မေးလိုက်သော် သူမမှ ခဏစောင့်ဆိုင်းရန် ပြောပြီး ပုခုံးပေါ်မှ ပုဝါကို လှမ်းယူလိုက်သည်။ ကျွန်တော်သူမကို လှမ်းကြည့်လျှက် ဘာများလုပ်နေသည်ကို တွေးမိသည်။ သူမ ကတော့ ပုဝါကို ခေါင်းပေါ်အုပ်လိုက်ပြီး အဖြူရောင် ပန်းတစ်ပွင့်ဖြင့် ထိုးလိုက်သည်။

“ရပြီ” ဟု သူမ ဆိုပြီးနောက် သူမကို မယုံကြည်သလို ကြည့်နေသည်ကို သတိထားမိ၍လားမသိ ဆက်၍

“ချစ်ဖို့မကောင်းဘူးလား မင်းသမိးလေးနဲ့ မတူဘူးလား”

တကယ်ပင်။ သူမနှင့် လိုက်ဖက်ပြီး ကျွန်တော် ကန့်ကွက်ဖို့ပင် မေ့နေသည်။ ကျွန်တော် သူမအချက်ပြသည်ကိုစောင့်၍ ခလုတ်နှိပ်လိုက်သော် ဓာတ်ပုံရိုက်သံ ဖြတ်ကနဲ ထွက်လာသည်။ ထိုနောက် ကျွန်တော် ပေးမည်ကိုပင် မစောင့်ပဲ ဖုန်းကို ဆတ်ကနဲ ဆွဲယူက ထွက်လာသည့်ပုံကို ကြည့်လိုက်သည်။ ထိုနောက် စိတ်ကျေနပ်သည့် မျက်နာဖြင့်

ခေါင်းကို အသာညိတ်ပြီး “အင်း ငါလိုချင်တဲ့ အတိုင်းပဲ”

အချိန်နှင့်အမျှ သူမ တခစ်ခစ် တောင်ရယ်လိုက်သေးသည်။ သူကြိုက်သည့် လက်ဆောင်ရသွား၍ ပျော်သွားပုံ။

“ငါကို ဓာတ်ပုံရိုက်ခွင့်ပေးတာ ကျေးဇူးပါပဲ ငါတန်ဖိုးထားပါ့မယ်”

“အင်း တန်ဖိုးထား ဘယ်သူကိုမှ မပြနဲ့ ငါလည်း အေးအေးချမ်းချမ်း နေလို့ရတယ်”

ကျွန်တော် အနေဖြင့် ကျောင်းမှ တစ်ယောက်ယောက်များ ထိုဓာတ်ပုံကိုတွေ့သွားပါက မည့်သိုပင် ဖြစ်လာမည် ဆိုသည်ကို မတွေးဝံ။ Kamogawa ၏ မျက်နာထားကို ခေါင်းထဲတွင် ဦးဆုံးပေါ်လာသည်။

“စိတ်မကောင်းစရာပဲ ငါက ဒီဓာတ်ပုံကို Mirai-san နဲ့ Chizrua တို့ကို ပြမလို့ ”

ကျွန်တော် သူမကို ကြိုပိတ်ထားသည်မျာ တော်သေးငည်။

“. . .အင်း ကောင်းပါပြီ တစ်ယောက်တည်းပဲ ကြည့်ပါတော့မယ် ငါ့ဖုန်း wallpaper အနေနဲ့ပဲထားလိုက်မယ်လေ အိပ်ခါနီးတိုင်း အနမ်းတပွင့်ပေးလို့ရတာပေါ့”

“ငါအဲဒီပုံကို ဖျက်လိုက်ရမလား?”

“ငါနောက်နေတာပါ တကယ်ပဲ” သူမ နောက်ပြောင်ကျီစယ်ဟန်ဖြင့် ရယ်လျှက်။

ထိုသည်က တခြားလူတစ်ယောက် မိမိထက်သာလျှင် ခံစားရသည့် ခံစားမူ။

“နင်ရောကြည့်ဦးမလား?”

“ဝမ်းမြောက်ဝမ်းသာပါပဲ”

ကျွန်တော် ဓာတ်ပုံကို အမြဲတမ်း ကိုင်ဆောင်တော့မည့်အလား။ ကျွန်တော်ပုံ ဘာပုံပေါက်နေသလည်လည်းကိုတော့ သိခွင့်ရှိပါသည်။ ကျွန်တော် မျက်နာကို ဖုန်းစကရင် ပေါ်သို့ ကြည့်လိုက် သည်။ သူမ ကျွန်တော်နား အနားကပ်၍ နောက်ထပ်ပြောလာသည့် စကားများ ဝင်လာသည်။ ကျွန်တော် ထိုပုံကို မြင်သော် သူမ အသံတိုးတိုးဖြင့်

“မြင်လား? ငါတို့က မင်္ဂလာဆောင်နေတဲ့ စုံတွဲနဲ့ မတူဘူးလား ?”


ကျွန်တော် ပုံကိုကြည့်မိသည်။ အနက်ရောင် ဝတ်ဆင်ထားသော အမျိုးသားနှင် အဖြူရောင် ဝတ်ဆင်ထားသော အမျိုးသမီးတို့ ပျော်ရွင်စွာ အချင်ချင်းမှီထားသည့် ပုံပေါက်နေသည်။ စိတ်ကူးလိုက်သော် အမျိုးသမီး ခေါင်းပေါ်မှာ ပုဝါမှာ သတို့သမီးခေါင်းဆောင်လိုလို ၊ ထိုအပြင် အမျိုးသားမှာလည်း တကိုယ်လုံး သတို့သားဝတ်စုံ ဝတ်ဆင်ထားသလိုလို ၊ စိတ်ကူး ကြည့်ခြင်းသည်ပင် အင်မတန် ကြောက်စရာ ကောင်းလာပြီး နာရီစင်မှာလည်း ဘုရာကျောင်းထဲမှာလိုလို ၊ အမြင်အရတော့ ဘယ်လိုပင်ကြည့်ကြည့် လက်ထပ်ပွဲဟုသာ ထင်ကြမည် ဖြစ်သည်။

ကျွန်တော် လက်ကို ဆန့်၍ သူမဆီမှ လှမ်းလုရန် ကြိုးစားသော်လည်း သူမ လှပစွာ ရှောင်တိမ်းလိုက်သည်။

“ဖုန်းပေး ”

“ဟင့်အင်း ! နင့်ကို ပေးရင် နင်ဖျက်ပစ်မှာ ငါသိတယ်”

“အေးပေါ့ ဖျက်မှာပေါ့!”

ကျွန်တော် သူမ အနားသို့ ရောက်လာသော်လည်း သူမမှာ နတ်သူငယ်မလေး ရေပေါ်မှာ လှပစွာ ကနေသလို ရှောင်တိမ်းသွားသဖြင့် ကျွန်တော်တို့အကြား အကွာအဝေးမှာ ခြားသည်ထက် ခြားလာသည်။

“Nonomiya-kun ငါဒီမှာ!”

သူမ ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ အပေါ်မှ လက်လှမ်းပြလိုက်သည်။ Tsukimori Youko သည် သူမ ရင်တွင်းမှ စိတ်ထားမှန်ကို ထုတ်ဖော်ပြသသော်အခါ လွတ်လပ် ပေါ့ပါး လှပေသည်။ ကျွန်တော်လို ပျင်းစရာကောင်းသည့် လူတစ်ယောက်အနေဖြင့် သူမကို ထိန်းရန် အတော်ပင် ခက်ခဲလှသည်။

“ပြန်ပြီ”

ထိုညတွင် ပင်ပန်းလှပြီ။

ကျွန်တော် ပြန်ရန် လှမ်းနေချိန်တွင် “နေဦး” ဟု သူမ လှမ်းအော်လိုက်၍ ကျွန်တော် ခေါင်းကို လှည့်လိုက်ကာ သူမကို လှမ်းကြည့်လိုက်သည်။

“ဘာလို့ တစ်ယောက်တည်း ဒီညလာရတာလဲ?”

လရောက်ဖိတ်ကျနေပြီး ခေါင်းဆောင်ပေါ်တွင် လွမ်းခြုံထားသော စနိုးဝှိုက် Tsukimori မှာတော့ Jeanne D’Arc ကဲ့သို့ မဟာဆန်လှပေသည်။

“ဘာလို့ လူသတ်နည်းနဲ့ ပတ်သတ်ပြီး တစ်ယောက်မှ မပြောတာလဲ? အခွင့်အရေးတွေ အများကြီးရှိတာပဲလေ ဟုတ်ဖူးလား? ဥပမာ Konan ကို ဖြစ်ဖြစ်ပေါ့ ဘယ်သူပဲဖြစ်ဖြစ် ဒီ ရူးကြောင်ကြောင် ပုံပြင်ကို သူဆိုရင်တော့ နားထောင်နိုင်မယ် ထင်တာပဲ?”

သူမ အနည်းငယ် ဝေဝါးသွားဟန်ဖြင့် မေးလိုက်သည်။ သူမ မျက်လုံးမှာ ကျွန်တော်ကို စိုက်ကြည့်နေပြီး ကျွန်တော်မှာလည်း တုတ်တုတ်မှ မလှုပ်မိပေ။ ကျွန်တော် အတော်လေးပင် ခွက်ထိုးခွက်လန် ရယ်မိလိုက်သည်။ ဘာဖြစ်လို့လဲ? သူမ မေးခွန်းကို ကျွန်တော် ဖြေရန် လွယ်လွန်းသဖြင့်။ တခြားသူတွေထက် ကိုယ်ကိုယ် သတိထားမိသော်လည်း ထိုမေးခွန်းကို ကျွန်တော်ကိုယ်တိုင် မဖြေတက်ခဲ့၊ အရူးဖြစ်ခဲ့သည်။

သို့သော် ယခုတွင်မူ အဖြေမှာ ရှင်းရှင်းလင်းလင်းပင်။ သူမ မိဘများကို သတ်သည်ဖြစ်စေ ၊ မသတ်သည်ဖြစ်စေ သူမ အပြစ်ကင်းကင်း ၊ မကင်းကင်း ၊ လူသတ်မှု သေချာနေသည်ဖြစ်စေ ၊ ကံဆိုးမှု သက်သက် မတော်တဆမှု သက်သက်ပင် ဖြစ်စေ ထိုမေးခွန်းများသည် ကျွန်တော် အတွက် အရေးမကြီးတော့ပေ။ ကျွန်တော် မျက်လုံးထဲတွင် သူမ မျက်တောင်ခတ်နေသည်။

“ဒါက လွယ်လွယ်လေးပါ __ ” ညကောင်းကင်ကို ကြည့်၍ ပြောလိုက်မိသည်။

“__ လောကမှာ ငါတစ်ယောက်ပဲ နင့်ကို သံသယဝင်ခွင့်ရှိလို့ပဲ”

ကျွန်တော်တို့ တခြားတဦးတစ်ယောက်မှ မလိုပေ။ ကျွန်တော် Tsukimori Youko အစစ်အမှန်ကို သိလျှင်ပင် လုံလောက်ပေသည်။ နောက်ဆုံးတွင်တော့ ညချမ်းတွင် လေပြေအေးများက ကျွန်တော် နွေးထွေးသော တီးတိုးစကားများကို သယ်ဆောင်သွားသည်။

“. . .ဟမ် နောက်ဆုံးတော့ ငါအထီးမကျန်ပါဘူး”

မျက်တောင်ပင်မခတ်မိ။ သူမ မျက်ရည်များကျကာ ပြုံးလျှက် ၊ ပျော်ရွင်လွန်း၍ ငိုမိဟန်တူသည်။ ကျွန်တော်လည်း မည်သို့ တုံ့ပြန်ရမည်ကို မသိ၍ ပါးစပ်ပိတ်ကာ စိတ်ထဲတွင်တော့ ယခင်မှ Tsukimori Youko ၏ပုံစံကို မေ့ဖျောက်လိုက်သည်။ ကိုယ်ကိုငုံလိုက်ပြီး အောက်သို့ လျှောဆင်းလိုက်ကာ သူမ အဝတ်အစား ၊ သူမ စကတ်လန်သည် မလန်သည်ကိုပင် ဂရုမစိုက်တော့ပဲ စ၍ပြေးလာပြီး ကျွန်တော် နောက်သို့ ခုန်ဝင်လာကာ သူမ လက်မောင်းနှစ်ဖက်ဖြင့် တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူမ မျက်နာကို ကျွန်တော် ကျောတွင် မြုပ်ထားပြီး မသဲမကွဲ အသံဖြင့်

“__ နင်တစ်ယောက်တည်းသာ လောကမှာ ငါ့ကို သံသယဝင်ခွင့်ရှိတာပါဟာ”

သူမ အလွန်ပျော်ရွင်နေသံပေါက်သည်။ ကျွန်တော်မှာ မိမိ၏ ခွင့်ပြုချက်မရပဲ ပွေ့ဖက်ခြင်းကို သည်းခံနိုင်လောက်သည့် လူမဟုတ်သော်လည်း သူမ လက်မောင်းများမှာ တင်းကျပ်လွန်း၍ ကျွန်တော်သူမကို ခါချ၍မရ။ သူမ ကျွန်တော်ကို သံကြိုးချည်ထားသည့်နှယ် ၊ ကျွန်တော်တို့ဆက်ဆံရေးမှာလည်း ရယ်စရာပင်ကောင်းသည်။ နောက်ဆုံးတွင်တော့ စိတ်လျော့လိုက်ပြီး ညကောင်းကင်ကို ကြည့်လျက် သက်ပြင်းသာချမိသည်။ လမင်းမှာ ဆင်းသက်လာသော ငွေရောင်ခြည်များမှာ ကမ္ဘာမြေပေါ်သို့ ပိုးသားချည်မျှင်များကဲ့သို့ ကျဆင်းလာပြီး ကမ္ဘာမြေမှ စုပ်ယူထားလိုက်သည်။

နှောင့်နှေးခြင်းမရှိပဲ လမင်းမှာ သတ္တဝါအားလုံးကို အဖြူရောင်ဆေးဆိုး ထားချင်ဟန်တူသည်။ လရောင်နှင့်နှိုင်းစာလျှင် အားနည်း နေဟန်တူသည့် ကြယ်ပွင့်လေးများမှာ မည်မျှပင် တောက်ပသည်ဖြစ်စေ ၊ မြို့ထဲမှ လမ်းများမှ မီးရောင်များမှ မည်မျှပင် အလင်းထုတ်လွင့်သည် ဖြစ်စေ ၊ ပြီးပြည့်စုံသည့် လမင်းကိုတော့ ယှဉ်နိုင်ဖွယ် မရှိ။ ဘယ်တော့မှ မှီမည် မဟုတ်ဆိုသည်ကို သိထားသော်လည်း သတိမထားမိပဲ လမင်းဆီ လက်လှမ်းလိုက်သည်။

ထိုညတွင် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်မှာ မှားကောင်းမှားလိမ့်မည်။ ကျွန်တော် အတော်ကြာကြာနောင်တရကောင်း ရလိမ့်မည်။ ဟင့်အင်း တကယ်တော့ နောင်တရရန် အခွင့်အလယ်း ပင် မရှိ။ အဘယ်ကြောင့်ဆိုသော် Tsukimori Youko ကို ကျွန်တော် သိလာသဖြင့်။ ခေါင်းပင်မခါပဲ မျက်လုံးကို မှိတ်လိုက်သည်။ ထိုညတွင် လ​မင်း နှင့် ညချမ်းမှာ နူးညံ့နွေးထွေးလှသည်။ ထပ်တွေ့မယ့်နေ့ကို မျှော်လင့်မိပါတယ်။ ကျွန်​တော် Natsuki Mamiya ပါ။